ရုရှားနိုင်ငံအရှေ့ဖျားဒေသက စစ်သင်တန်းကျောင်းတစ်ခုမှာ မြောက်ကိုရီးယား စစ်သားတွေ စစ်ဝတ်စုံတွေနဲ့ လက်နက်ကိရိယာတွေ ဝတ်ဆင်နေတဲ့ ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာပါတယ်။
ဒါဟာ မြောက်ကိုရီးယားအနေနဲ့ ရုရှားဘက်ကနေ ကူတိုက်ပေးရေးအတွက် ယူကရိန်းကို စေလွှတ်ဖို့ သူ့ရဲ့ တပ်ဖွဲ့ဝင် (၁၅၀၀)ကို ရေကြောင်းကနေ ရုရှားကို ပို့ခဲ့တယ်လို့ တောင်ကိုရီယားထောက်လှမ်းရေးအေဂျင်စီ(NIS)က ပြောဆိုအပြီးမှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်ပါ။
မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းရှေ့တန်းကို မသွားခင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေတယ်လို့ သုံးသပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။
ယူကရိန်း မဟာဗျူဟာနှင့် သတင်းဆက်သွယ်မှု လုံခြုံရေးစင်တာက CNN ကို ပေးပို့ခဲ့တဲ့ ဗီဒီယိုမှာလည်း မြောက်ကိုရီးယား စစ်သားတွေ စစ်ဝတ်စုံနဲ့ လက်နက် တွေ တန်းစီရယူနေတဲ့ မြင်ကွင်းတွေကို တွေ့ရပါတယ်။
ရုရှားကို ရောက်ရှိချိန်မှာ အဲဒီစစ်သားတွေဟာ စစ်သုံး ဦးထုပ်၊ ဝတ်စုံနဲ့ စစ်ဖိနပ်စတာတွေအတွက် ဆိုက်နံပါတ်ကို ရွေးချယ်စာရင်းပေးဖို့ ဖောင်တစ်ခုကို ဖြည့်သွင်းခဲ့ကြ ရတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ သတင်းမီဒီယာတွေမှာလည်း မြောက်ကိုရီးယားဟာ ရုရှားနိုင်ငံအတွက် ကူတိုက်ပေးဖို့ ယူကရိန်းကို တပ်မဟာလေးခု စေလွှတ်သွားမယ်ဆိုတဲ့ သတင်းတွေကို ဖော်ပြနေကြပါတယ်။