အမေရိကန် သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ သီတင်းနှစ်ပတ်ခန့်သာ လိုတော့တဲ့အချိန်မှာ ဒေါ်နယ်ထရမ့်ဟာ အထင်ကရ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ မက်ဒေါ်နယ် အမြန်စား စားသောက်ဆိုင်မှာ အလုပ်သမားအဖြစ် အစား အသောက်တွေပြင်ဆင်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။
သမ္မတဟောင်း ထရမ့်ဟာ ရွေးကေက်ပွဲအတွက် အရေးကြီး ပြည်နယ်ဖြစ်တဲ့ ပင်ဆယ်လ်ဗေးနီးယားက မက်ဒေါ်နယ်အမြန်စားဆိုင်မှာ ဆိုင်ရဲ့ စားဖိုဆောင် လုပ်သားအဖြစ် တနင်္ဂနွေနေ့က ကိုယ်တိုင် ကွင်းဆင်းလုပ်ကိုင်ခဲ့တာပါ။
စားဖိုဆောင် ဝတ်စုံဝတ်ထားတဲ့ ထရမ့်ဟာ အာလူးချောင်း တွေကို ကိုယ်တိုင်ကြော်လှော် ထုပ်ပိုးခဲ့ပါတယ်။
အဲဒီနောက် ဆိုင်ပြတင်းပေါက်ကနေ စားသုံးသူတွေကို စားဖွယ် ရာတွေ လက်ကမ်းပေးခဲ့ပြီး အဲဒီအစားအသောက်တွေကို သူကိုယ်တိုင်ချက်ထားတာလို့လည်း စားသုံးသူတွေကို ပြောခဲ့ပါသေးတယ်။
မက်ဒေါ်နယ်ဆိုင်ပိုင်ရှင်ကိုလည်း သူ အလုပ်တစ်ခုရှာနေကြောင်း၊ အရင်ကတည်းက မက်ဒေါ်နယ်ဆိုင်မှာ အလုပ်လာလုပ်ချင်နေခဲ့တာ မလုပ်ဖြစ်ခဲ့ကြောင်း၊ အခုတော့ သူဟာ မက်ဒေါ်နယ်ဆိုင်မှာ တကယ်မလုပ်ခဲ့ဖူးဘဲ လုပ်ခဲ့ဖူးကြောင်း၊ ဇာတ်လမ်းဆင် ပြောနေသူ တစ်ယောက်နဲ့ ရွေးကောက်ပွဲ ယှဉ်ပြိုင်နေ ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
ထရမ့်ရဲ့ ပြိုင်ဘက် ဒီမိုကရက်တစ် သမ္မတလောင်း ဟဲရစ်ကလည်း သူ ကောလိပ် ကျောင်းတက်တုန်းက မက်ဒေါ်နယ်ဆိုင်မှာ အချိန်ပိုင်း အလုပ်လုပ်ခဲ့ဖူးကြောင်း သူရဲ့ ပထမဆုံး မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေမှာ ပြောဆိုခဲ့ဖူးပါတယ်။
အဲဒီမဲဆွယ်ဟောပြောချက်နဲ့အတူ ဟဲရစ်က သူဟာ လူလတ်တန်းစားကနေ လာသူတစ်ယောက်အဖြစ် ပုံဖော်ပြီး အမေရိကန် လူလတ်တန်းစားတွေရဲ့ မဲကို ရရှိအောင် စည်းရုံးကြိုးပမ်းနေတာ ဖြစ်ပါတယ်။