အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ယူကရိန်း သမ္မတ ဇာလန်စကီးတို့ဟာ နှစ်နိုင်ငံ ၁၀ နှစ်ကြာ လုံခြုံရေး သဘော တူညီချက်ကို ကြာသာပတေးနေ့က လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
ဒီစာချုပ်ဟာ ယူကရိန်းရဲ့ ခုခံကာကွယ်မှု စနစ်ကို အားပေးမြှင့်တင်ဖို့နဲ့ နေတိုးအဖွဲ့ဖြစ်ရေး ပိုမိုနီးစပ်လာဖို့အတွက် ရည်ရွယ်တဲ့ စာချုပ်ဖြစ်ပြီး ဂျီ-၇ ထိပ်သီး ဆွေးနွေးပွဲရဲ့ ဘေးဆွယ်တွေ့ဆုံမှုမှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။
အဲဒီလက်မှတ်ရေးထိုးမှုကို နိုဝင်ဘာလ ရွေးကောက်ပွဲမှာ သမ္မတ ဟောင်း ဒေါ်နယ်ထရမ့် ပြန်အနိုင်ရခဲ့ရင်တောင် အနာဂတ်မှာ ယူကရိန်းအပေါ် အမေရိကန်ရဲ့ ထောက်ခံအားပေးမှု ဆက်လက် ရှိနေစေဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာလို့ အမေရိကန် တာဝန်ရှိ သူတွေက ပြောပါတယ်။
ယူကရိန်း သမ္မတ ဇာလန်စကီးကလည်း အဲဒီစာချုပ်ကို သမိုင်းဝင်စာချုပ်လို့ ခေါ်ဆိုလိုက် ပြီးတော့ နေတိုးအဖွဲ့ထဲဝင်ရောက်ရေး ခြေလှမ်းတွေကို ပေါင်းကူးပေးမဲ့ စာချုပ်ဖြစ်တယ်လို့ ပြောပါတယ်။ စာချုပ်ထဲမှာ လက်နက်နဲ့ တိုက်ခိုက်မှု ဒါမှမဟုတ် အဲဒီလို တိုက်ခိုက်ဖို့ ခြိမ်းခြောက်မှုမျိုးနဲ့ ယူကရိန်းကြုံလာရရင် အမေရိကန်နဲ့ ယူကရိန်း ထိပ်တန်းတာဝန်ရှိသူတွေဟာ (၂၄) နာရီအတွင်း တွေ့ဆုံပြီး တုံ့ပြန်ရေးနဲ့ ဘယ်လို နောက်ဆက်တွဲ ကာကွယ်ရေး အကူအညီတွေ ယူကရိန်းအတွက် လိုအပ်တယ်ဆိုတာကို ဆွေးနွေးသွားကြရ မယ်လို့ ဖော်ပြထားပါတယ်။
စာချုပ်ထဲမှာ အမေရိကန်ဟာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုနဲ့ နယ်မြေ တည်တံ့ ခိုင်မြဲမှုကို ထောက်ခံကြောင်း ထပ်လောင်းဖော်ပြထားသလို ယူကရိန်းရဲ့ ကိုယ်ပိုင် ကာကွယ်ရေး စက်မှုလုပ်ငန်း ဖွံဖြိုးရေးနဲ့ စစ်အင်အားတိုးချဲ့ရေး အစီအမံတွေကိုလည်း ဖော်ပြထားပါတယ်။