ဖလော်ရီဒါပြည်နယ်ကို ဟာရီကိန်း မီလ်တန် ဖြတ်သန်းတိုက်ခတ်မှုကြောင့် ကြာသပတေးနေ့မှာ လူ ၁၀ ယောက်ထက်မနည်း သေဆုံးပြီး လူ သန်းနဲ့ချီ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပေမယ့် စိုးရိမ်ရတဲ့ ပင်လယ်ဒီရေလှိုင်းတွေ မြင့်တက်လာတာတော့ မရှိဘူးလို့ သိရပါတယ်။
ဒါပေမဲ့ မိုးရေချိန် ၁၈ လက်မ အထိ ရွာသွန်းခဲ့ပြီး ရေလွှမ်းမိုးမှုဟာ စိုးရိမ်စရာအခြေအနေမှာ ရှိနေဆဲဖြစ်ပေမယ့် ပြည်နယ်ဟာ အဆိုး ရွားဆုံး အခြေအနေက လွတ်မြောက်ခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဖလော်ရီဒါမှာ လေဆင်နှာမောင်း ၂၇ ခုထက်မနည်း ဖြစ်ပွားခဲ့ပြီး ဆိုးဝါးတဲ့ ပျက်စီးဆုံးရှုံးမှုအများစုဟာ လေဆင် နှာမောင်းကြောင့်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်က ဟာရီကိန်း ဟယ်လင် ဝင်ရောက်တိုက်ခတ်ပြီး ကတည်းက လျှပ်စစ်ဓာတ် အား ပြန်လည်ရရှိဖို့ စောင့်ဆိုင်းနေကြသူတွေ အပါအဝင် အိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၃ ဒသမ ၂ သန်း လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။
မီလ်တန်ကို စောင့်ကြည့် ဖို့ ပြည်ပခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့တဲ့ သမ္မတ ဂျိုးဘိုင်ဒန်က မုန်တိုင်းအပြီး သဘာဝဘေး ကယ်ဆယ်ရေး ရန်ပုံငွေ လိုအပ်ချက်တွေ ဖြေရှင်းဖို့ ကွန်ဂရက်လွှတ်တော် အစည်းအဝေး ပြန်လည် ကျင်းပသင့်တယ်လို ယုံကြည်ကြောင်း ပြောပါတယ်။
လွှတ်တော်တွေဟာ နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲအပြီးအထိ ပြန်လည်ခေါ်ယူဖို့ စီစဉ်ထားတာ မရှိပါဘူး။ မီလ်တန်ဟာ ဖလော်ရီဒါပြည်နယ် အနောက်ဘက်ကမ်းရိုး တန်းကို ဗုဒ္ဓဟူးနေ့ညက အမျိုးအစား-၃ ဟာရီကိန်းမုန်တိုင်းအဖြစ် အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီ မိုင် ၁၂၀ နဲ့ တိုက်ခတ်ခဲ့ပါတယ်။
မက္ကဆီကိုပင်လယ်ကွေ့ကနေ ဖလော်ရီဒါကို ဖြတ်သန်းလာစဉ် မီလ်တန်ဟာ ကပ်ဆိုးဆိုက်စေတဲ့ အမျိုးအစား အဆင့်-၅ ကနေ အားပျော့သွားခဲ့တာလို့ သိရပါတယ်။