ပင်လယ်ကွေ့နိုင်ငံတွေဟာ ပဋိပက္ခတွေ ပြင်းထန်လာရင် သူတို့ရေနံစက်ရုံတွေ ပစ်ခတ်ခံရမှာ စိုးရိမ်တဲ့ အတွက် အီရန်ရဲ့ ရေနံနေရာတွေကို အစ္စရေးက မတိုက်ခိုက်ဖို့ ဝါရှင်တန်ကို စည်းရုံးနေတယ်လို့ သိရပါတယ်။
အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုအတွင်းမှာ ကြားညပ်မှာကို ရှောင်ရှားဖို့ ကြိုးပမ်းမှု တစ်စိတ် တစ်ပိုင်းအနေနဲ့ ဆော်ဒီအာရေးဗီးယား၊ ယူအေအီးနဲ့ ကာတာတို့ အပါအဝင် ပင်လယ်ကွေ့နိုင်ငံတွေဟာ အီရန်ကိုတိုက်ခိုက်ဖို့အတွက် သူတို့လေပိုင်နက်ကို အစ္စရေးလေယာဉ်တွေ ဖြတ်ကျော်ပျံသန်းခွင့်ပြုရေး ငြင်းဆိုထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
အီရန်ရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုအတွက် ပေးဆပ်ရမယ် လို့ အစ္စရေးက ကတိပြုထားသလို အီရန်ကလည်း သူ့ကို လက်တုံ့ပြန်ရင် ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရမယ်လို့ ပြန်လည်သတိပေးခဲ့ပါတယ်။
ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲဖြစ်လာမှာကို အမေရိကန်ရဲ့ စိုးရိမ်မှုတွေ မြင့်တက်လာတဲ့အပေါ် အီရန်ရဲ့ အိမ်နီးချင်း ပင်လယ်ကွေ့ နိုင်ငံတွေကို အမေရိကန်နဲ့ ရင်းနှီးမှုအပေါ် အသုံးပြုပြီး သံတမန်ရေးအရ တွန်းအားပေးမှုတွေ ထွက်ပေါ်လာတာပါ။
အခုသီတင်းပတ် အစည်းအဝေးတွေမှာ ဆော်ဒီအာရေဗီးယားဟာ တိုက်ခိုက်ရေးနဲ့ပတ်သက်လို့ အစ္စရေးကို အကူအညီ တစ်စုံတစ်ရာပေးရင် ဆော်ဒီရေနံစက်ရုံတွေရဲ့ လုံခြုံရေးကို အာမမခံနိုင်ကြောင်း သတိပေးခဲ့တယ်လို့ အီရန်အရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဆော်ဒီအိမ်ရှေ့စံ မိုဟာမက် ဘင် ဆာလမန် နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရက်ချီတို့အကြား ဗုဒ္ဓဟူးနေ့က ဆွေးနွေးမှုမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုအလားအလာကိစ္စက အဓိကဖြစ်တယ်လို့ ပင်လယ်ကွေ့နဲ့ အီရန်သတင်းရင်းမြစ်တွေက ပြောပါတယ်။
အီရန်ရဲ့ ရေနံအခြေခံအဆောက်အအုံအပေါ် အစ္စရေး တိုက်ခိုက်ရင် အမေရိကန် ရွေးကောက်ပွဲ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အကျိုးသက်ရောက်မှုရှိစေမယ်လို့ ပင်လယ်ကွေ့ သတင်းရင်းမြစ်သုံးခုက ပြောဆိုခဲ့ပါတယ်။