ဘရာဇီးတရားရုံးစီရင်ချက်ကို ဆန့်ကျင်ဖို့ ကတိပြုထားတဲ့ X လူမှုကွန်ရက်ပိုင်ရှင် ဘီလီယံနာ အီလွန်မတ်စ်က ကတိကို ပြန်ပြောင်းပြီး လိုက်နာဆောင်ရွက်ခဲ့တဲ့နောက် ဘရာဇီးတရားရုံးချုပ်က X လူမှုကွန်ရက် ဝန်ဆောင်မှု ပြန်လည်စတင်ခွင့် ဆုံးဖြတ်ပေးခဲ့ပါတယ်။
အီလွန်မတ်စ်နဲ့ လအတန်ကြာ အချင်းများခဲ့တဲ့ ဘရာဇီး တရားရုံးချုပ် တရားသူကြီး အလက်ဇန္ဒရီ ဒီ မိုရေးစ်က လက်တင်အမေရိကရဲ့ အကြီးဆုံးနိုင်ငံမှာ လုပ်ငန်းတွေ ချက်ချင်း ပြန်လည်စတင်ဖို့ အောက်တိုဘာ ၈ ရက်က X ကို မီးစိမ်းပြခဲ့တာပါ။
တရားရုံးချုပ် ဆုံးဖြတ်ချက်မှာ မိုရေးစ်က X ဟာ ဘရာဇီးနိုင်ငံအတွင်း ပြန်လည်စတင်လည်ပတ်ဖို့ လိုအပ်ချက်တွေ အားလုံးကို ပြည့်မီခဲ့ပြီလို့ ပြောပါတယ်။
တရားရုံးချုပ်က ဘရာဇီး X အကောင့်တချို့ပိတ်ပစ်ဖို့ အမိန့်ချခဲ့တာကို ဆင်ဆာဖြတ်တောက်မှုအဖြစ် မတ်စ်က ရှုတ်ချခဲ့ပြီး မိုရေးစ်ကို အာဏာရှင်လို့ ခေါ်ဆိုခဲ့ကာ အမိန့်ကို အာခံခဲ့ပါတယ်။
မကြာသေးခင် ရက်သတ္တပတ်တွေ အတွင်းမှာတော့ မတ်စ်က သူ့ရပ်တည်ချက်ကို ပြန်ပြောင်းလို့ အမိန့်ကိုလိုက်နာပြီး ဒေသခံ ကိုယ်စားလှယ် တစ်ယောက်ခန့်အပ်ကာ ဆိုင်းငံ့ဒဏ်ကြေးတွေလည်း ပေးဆောင်ခဲ့ပါတယ်။
မိုရေးစ်ရဲ့ အင်္ဂါနေ့ ဆုံးဖြတ်ချက်ကို ဘရာဇီးက X အသုံးပြုသူတွေကလည်း ကြိုဆိုခဲ့ကြပါတယ်။
X ရဲ့ ဆဋ္ဌမမြောက် အကြီးဆုံးဈေးကွက်ဖြစ်တဲ့ ဘရာဇီးမှာ X လူမှုကွန်ရက် အသုံးပြုသူ ၂၁ သန်းခွဲ ရှိတယ်လို့ သိရပါတယ်။