တူကီယဲ အမျိုးသား လေကြောင်းလိုင်းက လေယာဉ်မှူးဟာ လေယာဉ်မောင်းနှင်နေရင်း သေဆုံးသွားခဲ့တဲ့အတွက် လေယာဉ်ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဂျွန်အက်ဖ် ကနေဒီ နိုင်ငံတကာလေဆိပ်မှာ ဗုဒ္ဓဟူးနေ့က အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
အဲဒီလေယာဉ်ဟာ အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့ကနေ အင်္ဂါနေ့ ညနေခင်း က ထွက်ခွာပျံသန်းခဲ့တာလို့ တူကီယဲ အမျိုးသားလေကြောင်းလိုင်းက X လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ပါတယ်။
Airbus 350 ရဲ့ လေယာဉ်မှူးဟာ ဆီယက်တဲလ်မြို့ကနေ တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့ကို ပျံသန်းနေချိန်မှာ ပိုင်းလော့ခုံမှာ ငိုက်စိုက်လဲကျသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ဒီအတွက် လေယာဉ်ပေါ်မှာ ရှေးဦး သူနာပြုစုနည်းနဲ့ ကုသမှုပေးဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့အတွက် လေယာဉ်မှာ လိုက်ပါတဲ့ လေယာဉ်မှူး နောက်တစ်ဦးနဲ့ တွဲဖက် လေယာဉ်မှူးတို့က မြေပြင်ကို အရေးပေါ်ဆင်းသက်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ ပြောပါတယ်။
မြေပြင်ကို လေယာဉ်မဆင်းခင်မှာဘဲ အဲဒီလေယာဉ်မှူး သေဆုံးသွားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ အသက်(၅၉)နှစ်အရွယ် အိုင်စီဟင် ပဲလီဗန် ဆိုသူ လေယာဉ်မှူးဟာ ပြီးခဲ့တဲ့ မတ်လက ကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့ရာမှာ ကျန်းမာရေးကောင်းမွန်းကြောင်း အဖြေထွက်ခဲ့ပါတယ်။
ခရီးစဉ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေကို နယူးယောက်ကနေ သတ်မှတ်နေရာကို ရောက်ရှိနိုင်ဖို့ လေကြောင်းလိုင်းဘက်က စီစဉ်ပေးနေကြောင်းလည်း ပြောပါတယ်။