ဂျီ-၇ ခေါင်းဆောင်တွေအနေနဲ့ ရုရှားဆီက သိမ်းယူထားတဲ့ အရင်းအမြစ်တွေကို သုံးပြီး ယူကရိန်းကို ဒေါ်လာ ဘီလီယံ(၅၀) ချေးငွေထောက်ပံ့ဖို့ သဘောတူလိုက်ကြောင်း အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။
အဲဒီနိုင်ငံရေးသဘောတူညီချက်ဟာ အီတလီတောင်ပိုင်းမှာ ကျင်းပတဲ့ ဂျီ-၇ စက်မှုထိပ်သီး ဒီမိုကရေစီနိုင်ငံကြီး (၇)နိုင်ငံရဲ့ ထိပ်သီးဆွေးနွေးပွဲ အဖွင့်နေ့ရဲ့ အဓိကအကြောင်းအရာ ဖြစ်ခဲ့ ပါတယ်။ ဆွေးနွေးပွဲကို ယူကရိန်း သမ္မတ ဇာလန်စကီးလည်း တက်ရောက်ခဲ့ပြီး ဘေးဆွယ်တွေ့ဆုံမှုတစ်ခုမှာ ဂျပန်နိုင်ငံနဲ့ (၁၀)နှစ်တာ ကာကွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သမ္မတ ဇာလန်စကီး က ပြောပါတယ်။
ယူကရိန်းအတွက် ဂျီ-၇ ရဲ့ ချေးငွေထောက်ပံ့ရေး အစီအစဉ်ကို ယူကရိန်းအရေး စတင်တဲ့နောက် ပိုင်း ရုရှားဆီက သိမ်းယူထားတဲ့ ဒေါ်လာ(၃၀၀) ဘီလီယံလောက်ရှိတဲ့ ရန်ပုံငွေကို အခြေပြုပြီး အကောင်အထည် ဖော်သွားမှာပါ။
အစည်းအဝေးမှာ အမေရိကန်က ယူကရိန်းကို ဒေါ်လာ ဘီလီယံ (၅၀) ထောက်ပံ့ဖို့ သဘောတူ ထားပြီး တခြားနိုင်ငံတွေကလည်း ပါဝင်ထောက်ပံ့ဖို့ အသီးသီး ကြေညာလာတဲ့အတွက် အမေရိကန်က ပေးမဲ့ ငွေပမာဏဟာ သိသိသာသာ လျော့နည်းသွားနိုင်တယ်လို့လည်း အမေရိကန် အကြီးတန်းအရာရှိ တစ်ယောက်က ပြောပါတယ်။
အမေရိကန်မှာ ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်သာ အနိုင်ရခဲ့ရင် ယူကရိန်းကို စာနာထောက်ထားမှု နည်းပါးသွားမလားဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေတယ်ဆိုတာကို ဒီအစီအစဉ်က ပြနေတယ်လို့ ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုက ရိုက်တာကို ပြောပါတယ်။