ပင်လယ်ကွေ့နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ လေပိုင်နက်တွေကနေ အီရန်ကို တိုက်ခိုက်ဖို့အတွက် အစ္စရေးကို သုံးခွင့် ပေးခဲ့ရင် လက်သင့်မခံနိုင်ဘူးလို့ အီရန်က သတိပေးပြောဆိုလိုက်ပါတယ်။
အဲဒီလို သုံးခွင့်ပေးရင် တုံ့ပြန်ရလိမ့် မယ်လို့လည်း အီရန် ထိပ်တန်း အရာရှိတစ်ယောက်က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ အစ္စရေးက အီရန်ရဲ့ ဒုံးကျည်ပစ်ခတ်တိုက်ခိုက်မှုကို လက်တုံ့ပြန်လာနိုင်ဖွယ်ရှိနေချိန်မှာ အီရန်က ပင်လယ်ကွေ့နိုင်ငံတွေကို သတိပေး ပြောဆိုမှု လုပ်လာတာပါ။
ဆော်ဒီနိုင်ငံနဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို ဆွေးနွေးမှုတွေ လုပ်ဖို့ အီရန်နိုင်ငံခြားရေး ဝန်ကြီး သွားနေချိန်မှာ အီရန်ထိပ်တန်းအရာရှိတစ်ယောက်က အခုလို ပြောလာတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပတဲ့ အာရှရေးရာ ညီလာခံတစ်ခုရဲ့ ဘေးဆွယ် တွေ့ဆုံမှုတွေမှာ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အီရန်တို့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပြီး ပင်လယ်ကွေ့နိုင်ငံတွေဘက်က တီဟီရန်နဲ့ အစ္စရေးတို့ရဲ့ ပဋိပက္ခမှာ ကြားနေသွားမယ်လို့ အီရန်နိုင်ငံကို ကတိပေးခဲ့ကြပါတယ်။
လေပိုင်နက်သုံးခွင့်ပေးတာ ဖြစ်ဖြစ်၊ စစ်စခန်း သုံးခွင့် ပေးတာဖြစ်ဖြစ် တီဟီရန်ကို ဆန့်ကျင်ပြီး လုပ်တဲ့ ဘယ်လုပ်ရပ်ကိုမဆို အုပ်စုတစ်စု လုံးက လုပ်တဲ့ ဆောင်ရွက်ချက်အဖြစ် မှတ်ယူပြီး တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ပင်လယ်ကွေ့နိုင်ငံတွေကို ရှင်းရှင်း လင်းလင်း ပြောကြားထားပြီးဖြစ်ကြောင်း အီရန်ထိပ်တန်းအရာရှိကြီးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒေသတွင်းနိုင်ငံတွေအနေနဲ့ အစ္စရေးကို ဆန့်ကျင်ပြီး စည်းလုံးညီညွတ်မှုရှိဖို့၊ ဒေသတွင်း တည်ငြိမ်မှုရှိဖို့ကိုလည်း အဲဒီအရာရှိကြီးက အလေးအနက် သတိပေး ပြောကြားသွားခဲ့ပါတယ်။
ပင်လယ်ကွေ့နိုင်ငံတွေဖြစ်တဲ့ ကာတာ၊ ကူဝိတ်၊ ဘာရိန်း၊ ယူအေအီးနဲ့ ဆော်ဒီအာရေဘီးယားနိုင်ငံတွေဟာ အမေရိကန်စစ်အခြေစိုက်စခန်းတွေနဲ့ တပ်ဖွဲ့ဝင်တွေကို သူတို့နိုင်ငံတွေမှာ လက်ခံထားကြပါတယ်။