အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက လက်ဘနွန်ဟာ ဂါဇာလို ပျက်စီးမှုမျိုးတွေနဲ့ ကြုံရနိုင်တယ်လို့ အင်္ဂါနေ့မှာ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်းက ဟစ်ဇ်ဘိုလာ အခြေစိုက်နေရာ တွေကို မြေပြင်ကနေ ထိုးစစ်ဆင်မှုတွေ အရှိန်မြှင့်နေချိန်မှာ နေတန်ညာဟုက အခုလို သတိပေးပြောဆိုလာတာပါ။
ဂါဇာမှာ တွေ့ခဲ့ရတဲ့ ပျက်စီးမှုနဲ့ ဒုက္ခတွေကို ဦးတည်သွားစေနိုင်တဲ့ စစ်ပွဲတစ်ခုထဲ မရောက်ခင် လက်ဘနွန် နိုင်ငံကို ကယ်တင်ဖို့ လက်ဘနွန်ပြည်သူတွေမှာ အခွင့်အရေးတစ်ခုရှိနေသေးကြောင်းနဲ့ ဒီလိုစစ်ပွဲမျိုးကို ရပ်တန့် ဖို့အတွက် ကိုယ့်နိုင်ငံကို ဟစ်ဇ်ဘိုလာ ကင်းစင်တဲ့နိုင်ငံဖြစ်အောင် လုပ်ဖို့ သတိပေးသွားခဲ့ပါတယ်။
အစ္စရေးနိုင်ငံ ဟာ ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ နယ်စပ်ဒေသမှာ တစ်နှစ်နီးပါး အပြန်အလှန် ပစ်ခတ်မှုတွေ လုပ်ပြီးနောက်မှာတော့ လက်ဘနွန်နိုင်ငံတောင်ပိုင်းထဲကို မြေပြင်တပ်တွေ စေလွှတ်ခဲ့ပြီး လေကြောင်းကနေလည်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပါတယ်။