အစ္စရေးဆိပ်ကမ်းမြို့နဲ့ ဂါလီလီဒေသတွေကို အောက်တိုဘာ ၈ ရက်မှာ ဟစ်ဇ်ဘိုလာက တစ်နာရီအတွင်း ဒုံးကျည် ၁၀၅ စင်း ပစ်လွှတ်ခဲ့လို့ ဟိုင်ဖာပင်လယ်အော်အတွင်းမှာ အဲဒီဒုံးကျည်တွေကို အစ္စရေးလေကြောင်းရန် ကာကွယ်ရေးက ကြားဖြတ်ဟန့်တားခဲ့ရပါတယ်။
ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ ၁၁ မိနစ်ကျော်မှာ ဒုံးကျည် ၈၅ စင်း၊ ၁၂ နာရီ ၄၃ မိနစ်နောက်ပိုင်းမှာ နောက်ထပ် ဒုံးကျည် အစင်း ၂၀ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာတို့ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှု စတင်ပြီးနောက်ပိုင်း အဲဒီဧရိယာကို ပစ်မှတ် ထားတဲ့ အကြီးမားဆုံး တိုက်ခိုက်မှုဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေက ပြောပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်က ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ဟားမာ့စ်ရဲ့ အစ္စရေးတောင်ပိုင်းဒေသကို ဝင်ရောက် တိုက်ခိုက်ရာကနေ အစ္စရေး-ဟစ်ဇ်ဘိုလာ တင်းမာမှုလည်း ဆက်တိုက်မြင့်တက်ခဲ့ပါတယ်။
လက်ဘနွန်ကို မြေပြင်နဲ့ဝေဟင်က အစ္စရေးရဲ့ စစ်ဆင်ရေးတွေ ဆက်တိုက် ဆင်နွှဲနေပြီး အစ္စရေးစစ်စခန်းတွေကို အီရန်က တိုက်ရိုက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒီအတောအတွင်း ပြီးခဲ့တဲ့သီတင်းပတ်က လက်ဘနွန်ကို တိုက်ခိုက်မှုတစ်ရပ်မှာ ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ဟောင်း ဟာဆန် နာစရာလာနေရာကို ဆက်ခံသူဖြစ်နိုင်တဲ့ ဟာရှမ် ဆာဖီဒင်းလည်း သေဆုံးခဲ့တာ ဖြစ်နိုင်တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂါလန့်က ပြောပါတယ်။