အမေရိကန်ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်သူ အိုင်အက်စ်နဲ့ ဆက်နွယ်မှုရှိတဲ့ အာဖဂန်နိုင်ငံသားတစ်ယောက်ကို ဖယ်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို(FBI) က ဖမ်းဆီးလိုက်ပါတယ်။
အဲဒီလူဟာ အသက်(၂၇)နှစ်အရွယ်ရှိ နာဆီရ် အာမက် တာဟက်ဒီ ဖြစ်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလထဲမှာ အထူးရွှေ့ပြောင်းဒုက္ခသည်ဗီဇာနဲ့ အမေရိကန်နိုင်ငံကို ရောက်လာကာ အိုကလာဟိုးမားမြို့မှာ နေထိုင်သူလို့ အမေရိကန် အစိုးရ ရှေ့နေတွေက ပြောပါတယ်။
အဲဒီ သံသယတရားခံဟာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့ လှုံ့ဆော်မှုအောက်ကနေ ရွေးကောက်ပွဲနေ့မှာ ဆိုးရွားကြမ်းတမ်းတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတစ်ခုကို ကျူးလွန်ဖို့ စီစဉ်နေတယ်လို့ ယူဆရကြောင်း (FBI)အကြီးအကဲ ခရစ္စတိုဖာရေး က အင်္ဂါနေ့မှာ ပြောပါတယ်။
အဲဒီတရားခံဟာ လက်နက်တွေ စုဆောင်းတာအပြင် မိသားစုပိုင် ပစ္စည်းဥစ္စာတွေကို ထုခွဲရောင်းချပြီး မိသားစုဝင်တွေကိုလည်း ပြည်ပကို နေရာ ရွှေ့ဖို့ လုပ်နေတယ်လို့ ပြောပါတယ်။
ဒီအတွက် သူ့ကို အကြမ်းဖက်ဖို့ ကြံစည်မှု၊ လက်နက်စုဆောင်းမှုတို့နဲ့ စွဲချက်တင် ထားပါတယ်။
အာဏာပိုင်တွေက ဂူဂဲလ်ကနေ ရရှိထားတဲ့ မှတ်တမ်းတွေအရ သူဟာ အင်တာနက် ပေါ်ကနေ အိုင်အက်စ်အဖွဲ့ရဲ့ ဝါဒဖြန့်စည်းရုံးသိမ်းသွင်းတာကို ခံခဲ့ရသူဖြစ်ကာ အိုင်အက်စ်အဖွဲ့က ရှေ့တန်း မျက်နှာစာတစ်ခုအဖြစ် အသုံးချနေတဲ့ ပရဟိတအဖွဲ့တစ်ခုကိုလည်း ငွေလှူဒါန်းဖူးတယ်လို့ အမေရိကန် အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။