ဂါဇာကမ်းမြောင်ဒေသနဲ့ လက်ဘနွန်ကနေ ဇွန်လ ၁၃ ရက်မှာ ဒုံးကျည်တွေနဲ့ အစ္စရေးကို ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ည ၈ နာရီလောက်မှာ ဂါဇာထဲကနေ အစ္စရေးတောင်ပိုင်း ကောင်းကင်ယံကို ဒုံးကျည်တွေ ဝင်လာလို့ Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ် အသုံးပြုခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးမြောက်ပိုင်း မှာလည်း နေ့ဘက်မှာ လက်ဘနွန်က ဒုံးကျည်တွေ ကျရောက်ပေါက်ကွဲလို့ ဖြစ်ပေါ်လာတဲ့ မီးတောက်တွေကို မီးသတ်သမားတွေက ငြှိမ်းသတ်ခဲ့ရပါတယ်။ ဖြစ်စဉ်အတွင်း လူနှစ်ဦး ဒဏ်ရာရ ခဲ့တယ်လို့ အစ္စရေးလူနာတင် ယာဉ် ဝန်ဆောင်မှုဌာနက ပြောပါတယ်။
အီရန်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးတောင်ပိုင်းကို ဟားမာ့စ် တွေရဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကြောင့် ဂါဇာမှာ စစ်ပွဲဖြစ်ပွားလာပြီး မကြာခင် ဒုတိယမြောက် တိုက်ပွဲ မျက်နှာစာကို ဖွင့်လှစ်ခဲ့ပါတယ်။ အစ္စရေး-လက်ဘနွန် နယ်နိမိတ်မှာ နှစ်ဖက် စလုံးက တိုက်ခိုက်မှုတွေ တိုးမြင့် လာတာကို တွေ့မြင်ခဲ့ရပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ အကြီးတန်းတပ်မှူး တစ်ယောက် သေဆုံးခဲ့တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ဟစ်ဇ်ဘိုလာက ဒုံးကျည်တွေနဲ့ ထပ်မံပစ်ခတ် ခဲ့ပြီး အခုသီတင်းပတ်အတွင်း တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။