အစ္စရေးတောင်ပိုင်းကို ဟားမာ့စ် တိုက်ခိုက်မှု တစ်နှစ်ပြည့်မြောက်တဲ့နေ့မှာ ဟစ်ဇ်ဘိုလာက အစ္စရေးမြောက်ပိုင်း ကို ဒုံးကျည်အများအပြား ဆက်လက်ပစ်ခတ်ခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံ မြောက်ပိုင်းမှာ လက်ဘနွန်ဘက်က ပစ်ခတ်တဲ့ ဒုံးကျည်တစ်စင်းကို ကြားဖြတ် တားဆီးနိုင်ခဲ့ပြီး နေအိမ်အချို့ မီးလောင် ပျက်စီး ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
မားလော့တာရှီဟာမြို့က အိမ်တစ်အိမ်ရဲ့ ဥယျာဉ်အတွင်းက ဒုံးကျည် အကြွင်းအကျန်တွေကိုလည်း ဗုံးရှင်းလင်းရေးတပ်ဖွဲ့က ဖယ်ရှားခဲ့ရပါတယ်။
အဝါလီမြစ်ကနေ တောင်ဘက်ကို နောက်ထပ်သတိပေးချက်မရခင်အထိ လက်ဘနွန်ကမ်းရိုးတန်း ကမ်းခြေ ဒါမှမဟုတ် လှေတွေပေါ်မှာ မနေကြဖို့ ဒေသခံတွေကို အစ္စရေးစစ်တပ်က အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
မနှစ်က အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအပြီး ဂါဇာကို အစ္စရေးစစ်ပွဲ ဆင်နွှဲချိန်ကစလို့ ဟားမာ့စ်တွေနဲ့ သွေးစည်းမှုပြတယ်ဆိုပြီး ဟစ်ဇ်ဘိုလာ က အစ္စရေးမြောက်ပိုင်းက မြို့ရွာတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်နေခဲ့တာပါ။
အစ္စရေးကလည်း မကြာသေးခင် သီတင်းပတ်တွေအတွင်းက လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ တွေရဲ့ ပစ်မှတ်တွေကို ထိုးစစ်ဆင်မှု အရှိန်မြှင့်ခဲ့ပြီး အစ္စရေးမြောက်ပိုင်းက သောင်းနဲ့ချီတဲ့ နိုင်ငံသားတွေ နေရပ်ပြန်ပို့ဖို့ စစ်ဆင်ခဲ့တာလို့ ပြောပါတယ်။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ လူပေါင်း ၁ ဒသမ ၂ သန်း အိုးအိမ်စွန့်ခွာခဲ့ရပြီး မြေပြင်ထိုးစစ်နဲ့အတူ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြင်းထန်လာတာနဲ့အမျှ ဂါဇာမှာလို ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုကြီးတွေနဲ့ ရင်ဆိုင်ရ မှာကို လူအများက စိုးရိမ်နေကြပါတယ်။