အစ္စရေးလေယာဉ်မှူးတွေနဲ့ လေတပ်အမှုထမ်းတွေနဲ့ တွေ့ဆုံခဲ့တဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဂါးလန့်က အီရန်တိုက်ခိုက်မှုကြောင့် အစ္စရေးလေတပ်ရဲ့ စွမ်းဆောင်ရည်အပေါ်မှာ ခြစ်ရာတောင်မထင်ခဲ့ဘူးလို့ပြောပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဂါးလန့်ဟာ အောက်တိုဘာ ၁ ရက် အီရန်တိုက်ခိုက်မှုမှာ ပစ်မှတ်ထားခဲ့တယ်ဆိုတဲ့ နိုင်ငံတောင်ပိုင်းက အစ္စရေးလေတပ်အခြေစိုက်စခန်းကို အောက်တိုဘာ ၆ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
နီဗာတမ်လေတပ်စခန်းနဲ့ တီလ်နော့ဖ် လေတပ်စခန်းနှစ်ခုစလုံးကို ထိမှန်ခဲ့ပေမယ့် စခန်းတွေအပြည့်အဝ လည်ပတ်နေပြီး လေယာဉ်တွေမပျက်စီးခဲ့ဘူးလို့ အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူကပြောဆိုခဲ့ပြီး နောက်တစ်ရက်မှာ စခန်းတွေကိုဂါးလန့် ရောက်ရှိသွားတာပါ။
အစ္စရေးဟာ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်တိုက်ခိုက်မှုကိုတုံ့ပြန်ရာမှာ ရွေးချယ်စရာတွေကို ချိန်ဆနေပါတယ်။ အစ္စရေးက လက်တုံ့ပြန်သွားမှာဖြစ်ပြီး အချိန်နဲ့နေရာကို ရွေးချယ်နေတယ်လို့ ဂါးလန့်ကပြောပါတယ်။
အီရန်ရဲ့တိုက်ခိုက်မှုမှာ တစ်ပြိုင်နက်ပစ်ခတ်တဲ့ ပဲ့ထိန်းဒုံးကျည် ၁၈၀ ကျော်ပါဝင်ခဲ့ပြီး အစ္စရေးလေကြောင်း ကာကွယ်ရေးစနစ်တွေကို အကြီးအကျယ်နှောင့်ယှက်နိုင်ခဲ့ပါတယ်။ အောက်တိုဘာ ၆ ရက်မှာပဲ အစ္စရေးရဲ့ တတိယအကြီးဆုံးမြို့ဟိုင်ဖာ တောင်ဘက်က စစ်စခန်းတစ်ခုကိုလည်း အီရန်ကဒုံးကျည်နဲ့ပစ်ခတ်ခဲ့ရာ မြို့ကိုထိမှန်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းထွက်ပေါ်ခဲ့ပါတယ်။