ဥရောပက နို့ထွက်ပစ္စည်းနဲ့ ဝက်သားတင်သွင်းမှုနဲ့ ပတ်သက်လို့ ထောက်ပံ့ကူညီမှုနဲ့ ရင်းနှီးမြှုပ်နှံမှုများ ဆန့်ကျင် ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ တောင်းဆိုပိုင်ခွင့်ရှိတယ်လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
အဲဒီလို စုံစမ်းစစ်ဆေးဖို့ ပြုလုပ်နေတာရှိမရှိ ဥရောပလုပ်ငန်းရှင်အဖွဲ့တွေက မေးမြန်းမှုကို ဇွန် ၁၃ ရက်က တုံ့ပြန်ရာမှာ တရုတ်ဘက်က ပြောဆိုခဲ့တာပါ။ ဇူလိုင်လကစပြီး ဥရောပကို တင်သွင်းလာတဲ့ တရုတ်လျှပ်စစ်ကားတွေအတွက် အပိုဆောင်းအခွန် ၃၈ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံမယ်လို့ ဥရောပကော်မရှင်က ဇွန် ၁၂ ရက်က ကြေညာခဲ့ပါတယ်။
အဲဒီနောက် ကမ္ဘာ့စားနပ်ရိက္ခာ ကုမ္ပဏီတွေဟာ တခြားကဏ္ဍတွေမှာ တရုတ်ဘက်က လက်တုံ့ပြန်အခွန်စည်းကြပ်မှုတွေ ရှိလာမှာကို ပိုပြီး သတိထားနေကြ ပါတယ်။ ပုံမှန်ဈေးကွက်ပြိုင်ဆိုင်မှုနဲ့ စည်းစနစ်တကျရှိမှုကို ထိန်းသိမ်းဖို့နဲ့ သူတို့ရဲ့ တရားဝင် အခွင့်အရေးတွေကို ကာကွယ်ဖို့ တရုတ်ပြည်တွင်းလုပ်ငန်းတွေက ဥရောပက နို့ထွက်ပစ္စည်းနဲ့ ဝက်သား တင်သွင်းမှုကို စုံစမ်းစစ်ဆေး ပေးဖို့ လျှောက်လွှာတင်ပိုင်ခွင့်ရှိတယ်လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟီယာဒေါင်က ပြောဆိုလိုက်တာပါ။
တရုတ်ပြည်တွင်းကုမ္ပဏီတွေဟာ အဲဒီလို စုံစမ်းစစ်ဆေးမှုတွေကို တောင်းဆိုဖို့ ပြင်ဆင်နေ ကြပြီး ကုန်သွယ်မှုကို ကာလကြာရှည်စွာ ဆိုင်းငံ့ထားနိုင်တယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။