ပါလက်စတိုင်းသေနတ်သမားနှစ်ယောက်ရဲ့ ပစ်ခတ်မှုကြောင့် လူ ၇ ယောက် သေဆုံးခဲ့ရတဲ့ အစ္စရေးနိုင်ငံ တဲလ်အဗစ်က ဘူတာရုံမှာ အောက်တိုဘာ ၂ ရက်က လုံခြုံရေးတိုးမြှင့်ထားပြီး သေဆုံးသူတွေအတွက် အမှတ်တရ ဖယောင်းတိုင်တွေ စုရုံးထွန်းညှိခဲ့ပါတယ်။
အောက်တိုဘာ ၁ ရက်က အသက် ၁၉ နှစ်နဲ့ ၂၅ နှစ်ရှိ ပါလက်စတိုင်း နှစ်ယောက်ဟာ ရထားပေါ်တက်လာပြီး ခရီးသည်တွေကို ပစ်ခတ်ခဲ့တာပါ။
သူတို့ဟာ ရထားပေါ်က ပြန်ဆင်ပြီး လမ်းသွားလမ်းလာတွေကိုလည်း ဆက်တိုက်ခိုက်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တစ်ယောက်နဲ့ လက်နက်ကိုင် အစ္စရေး အရပ်သားတစ်ယောက်က ပစ်သတ်ခဲ့ရတဲ့ သူတို့နှစ်ယောက်ဟာ အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်း-ဟေဘရွန်က ဖြစ်တယ်လို့ သိရပါတယ်။
သေနတ်သမားကြောင့် အမျိုးသမီးသုံးယောက် အပါအဝင် အစ္စရေး ၇ ယောက် သေဆုံးခဲ့ပြီး ၁၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
တိုက်ခိုက်သူတွေကို ကူညီတယ်လို့ သံသယရှိတဲ့ လူအများအပြားကိုလည်း ဟေဘရွန်နဲ့ ဂျေရုဆလင်မြို့တွေမှာ ဖမ်းဆီးထားတယ်လို့ အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီဖြစ်ရပ်ကို အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုလို့ အစ္စရေး ရဲတပ်ဖွဲ့က စွပ်စွဲထားပေမယ့် လက်နက်ကိုင် ပါလက်စတိုင်းအဖွဲ့တွေ ဒါမှမဟုတ် တခြားစစ်သွေးကြွအဖွဲ့တွေက သူတို့လက်ချက်လို့ ပြောဆိုတာ မရှိသေးပါဘူး။
အစ္စရေးဟာ ဂါဇာက ပါလက်စတိုင်း ဟားမာ့စ်တွေနဲ့ စစ်ပွဲ ဆက်လက်ဆင်နွှဲရင်း ဟစ်ဇ်ဘိုလာအဖွဲ့ကိုတိုက်ခိုက်ဖို့ လက်ဘနွန်တောင်ဘက်ကို ထိုးဖောက်ဝင်ရောက်နေချိန် မှာ အစ္စရေးနိုင်ငံတစ်ဝန်းကို အီရန်က ဒုံးကျည်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။