ယူကရိန်းဟာ နှစ်စဉ် မောင်းသူမဲ့လေယာဉ် လေးသန်း ထုတ်လုပ်နိုင်ပြီး တခြားလက်နက်တွေ ထုတ်လုပ်မှုကို လည်း မြန်မြန်ဆန်ဆန် အရှိန်မြှင့်နေတယ်လို့ သမ္မတ ဇယ်လန်းစကီးက ပြောပါတယ်။
အောက်တိုဘာ ၂ ရက်က ကိယက်ဗ်မြို့မှာ ဒါဇင်ပေါင်းများစွာသော နိုင်ငံခြားလက်နက်ကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိတွေကို ပြောခဲ့တာပါ။
ယူကရိန်းဟာ အခုနှစ်အတွင်း မောင်းသူမဲ့လေယာဉ် ၁ သန်းခွဲ ထုတ်လုပ်ဖို့ စာချုပ်ချုပ်ဆိုထားတယ်လို့လည်း ပြောပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ မတိုင်ခင်က ယူကရိန်းမှာ ဒရုန်းလို့ လူသိများတဲ့ မောင်းသူမဲ့လေယာဉ် ထုတ်လုပ်မှု မရှိသလောက် ဖြစ်ခဲ့ပါတယ်။
ရုရှားရဲ့ ဆက်တိုက် တိုက်ခိုက်မှုတွေအောက် စစ်ပွဲရဲ့ ပြင်းထန်တဲ့ အခြေအနေမှာ ယူကရိန်းနိုင်ငံသားတွေဟာ ကာကွယ်ရေးစက်မှုလုပ်ငန်းအသစ် တည်ဆောက်နိုင်ခဲ့တယ်လို့လည်း ဇယ်လန်းစကီးက ပြောပါတယ်။
ယူကရိန်းရဲ့ပြည်တွင်းလက်နက်ထုတ်လုပ်မှုကို ၂၀၂၃ ခုနှစ်မှာ သုံးဆတိုးခဲ့ပြီး အခုနှစ်ပထမ ရှစ်လတာကာလအတွင်း နှစ်ဆတိုးခဲ့တယ်လို့ ဝန်ကြီးချုပ် ဒီနိစ် ရှမီဟာလ်က ပြောပါတယ်။
ရုရှားနဲ့စစ်ပွဲကာလ ၃၁ လကျော်ကြာလာချိန်မှာ ယူကရိန်းဟာ နိုင်ငံဘတ်ဂျက်ရဲ့ ထက်ဝက် ဒါမှမဟုတ် ဒေါ်လာ ၄၀ ဘီလီယံလောက်ကို ကာကွယ်ရေးအတွက် သုံးစွဲနေပါတယ်။
နိုင်ငံ ပိုမိုကြီးမားပြီး ပိုမိုချမ်းသာတဲ့ ရုရှားက လည်း စစ်အသုံးစရိတ်ကို ၂၀၂၄ ခုနှစ်ထက် လာမယ့်နှစ်မှာ ၂၅ ရာခိုင်နှုန်း တိုးမြှင့်ဖို့ မျှော်မှန်းထားပြီး ဒေါ်လာ ၁၄၅ ဘီလီယံအထိ သုံးစွဲသွားမှာပါ။
ယူကရိန်းဟာ ကာကွယ်ရေး လိုအပ်ချက်တွေ ဆက်လက်မြင့်တက်နေချိန်မှာ နိုင်ငံခြား ရန်ပုံငွေတွေ တဖြည်းဖြည်း လျော့နည်းလာမှာကို မျှော်မှန်းပြီး ပြည်တွင်းမှာ အတတ်နိုင်ဆုံး လက်နက်ထုတ်လုပ်ဖို့ အာရုံစိုက်လာတာ ဖြစ်ပါတယ်။