အစ္စရေးနိုင်ငံကို တိုက်ချင်းပစ်ဒုံးကျည် ရာပေါင်းများစွာနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး နောက်တစ်နေ့ ဗုဒ္ဓဟူးနေ့မှာ အီရန်သမ္မတဟာ အာရှနိုင်ငံတွေရဲ့ ထောက်ခံမှုရရေး စည်းရုံးရေးခရီးစဉ်အဖြစ် ကာတာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။
ဒိုဟာမြို့ကို ရောက်ရှိလာတဲ့ အီရန်သမ္မတ ပီဇက်ရှ်ကီယန်ဟာ ကာတာစော်ဘွား ရှိတ်ခ် တာမင် နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အစ္စရေးက အီရန်ကို တစ်နည်းနည်းနဲ့ တိုက်ခိုက်လာရင် ပိုမိုပြင်းထန်တဲ့ နည်းလမ်းနဲ့ တုံ့ပြန်သွားမယ်လို့ ပြောသွားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေကလည်း အစ္စရေးကို ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် မလုပ်ဖို့ ပြောဆိုသင့်ကြောင်းလည်း ပီဇက်ရှ်ကီယန်က ဖြည့်စွက် ပြောသွားခဲ့ပါတယ်။
ကာတာစော်ဘွားက ဒိုဟာအနေနဲ့ တစ်နှစ်နီးပါး ကြာမြင့်လာနေတဲ့ အစ္စရေးနဲ့ ဟားမာ့စ်ကြားက ဂါဇာစစ်ပွဲ အဆုံးသတ်ရေး ကြားဝင်စေ့စပ်မှုတွေကို ဆက်လက်အားထုတ်လုပ်ဆောင်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။
ကာတာနဲ့ တခြားနိုင်ငံတကာ စေ့စပ်ညှိုနှိုင်းရေးမှူးတွေက ဂါဇာမှာ အပစ်ရပ်စဲရေး သဘောတူညီချက်တစ်ခု ပေါ်ပေါက်လာအောင် ဝိုင်းဝန်းကြိုးပမ်းနေပေမဲ့ ဆွေးနွေးမှုတွေ မအောင် မြင်ဘဲ တုံ့ဆိုင်းနေပါတယ်။
အီရန်သမ္မတ ပီဇက်ရှ်ကီယန်ဟာ ဒိုဟာမှာ ကျင်းပမဲ့ အာရှပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲကိုလည်း တက်ရောက်ဖို့ ရှိနေပါတယ်။