ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်ထိုနီယိုဂူတာရက်စ်ကို နိုင်ငံတွင်း ဝင်ရောက်ခွင့် တားမြစ်လိုက် တယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အစ္စရေးအပေါ် အီရန်နိုင်ငံရဲ့ ဒုံးကျည်တိုက်ခိုက်မှုကို ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ခြွင်းချက်မရှိ ပြစ်တင်ရှုတ်ချခဲ့ခြင်းမရှိတာကြောင့် အခုလို နိုင်ငံတွင်း ဝင်ခွင့် တားမြစ်ပိတ်ပင်တာလို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရေးကတ်ဇ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
အီရန်ဟာ အစ္စရေးကို အင်္ဂါနေ့က တိုက်ချင်းပစ် ဒုံးကျည် အစင်းပေါင်း (၁၈၀)ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီဒုံးကျည်တွေထဲက အများအပြားဟာ ဝေဟင်ထဲမှာပဲ ကြားဖြတ်ပစ်ချခံရပြီး တချို့ဒုံးကျည်တွေကတော့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ချိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။
ဒါပေမဲ့ ဒုံးကျည်ပစ်ခတ်မှုကြောင့် အစ္စရေးမှာ ထိခိုက်ဒဏ်ရာရတဲ့သတင်း မထွက်ပေါ်ခဲ့ပါဘူး။
ကုလအတွင်းရေးမှူး ဂူတာရက်စ်ဟာ အရှေ့အလယ်ပိုင်းဒေသက နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကိုပဲ ရည်ညွှန်းတဲ့ အကျဉ်းချုပ် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး တင်းမာသထက် တင်းမာလာနေတဲ့ ပဋိပက္ခကို ပြစ်တင်ရှုတ်ချကြောင်း ပြောဆိုထားပါတယ်။
ဂူတာရက်စ်ကို ပြည်ဝင်ခွင့် တားမြစ်ရတဲ့အကြောင်းအရင်းနဲ့ပတ်သက်လို့ အီရန်ကို ပြစ်တင်ရှုတ်ချဖို့ ဂူတာရက်စ်ရဲ့ ပျက်ကွက်မှုက သူ့ကို ကြိုဆိုလက်ခံဖို့ မသင့်သူ ဖြစ်သွားစေခဲ့တယ်လို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး အစ္စရေးကတ်ဇ်က ရှင်းလင်းပြောဆိုခဲ့ပါတယ်။