အစ္စရေးအပေါ် အီရန်ရဲ့ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချရာမှာ ကမ္ဘာ့နိုင်ငံတွေအားလုံး ပါဝင်ကြဖို့ အမေရိကန် ပြည်ထောင်စုက အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။
အီရန်က သူရဲ့ အသံထက်မြန်တဲ့ ဖာတာ တိုက်ချင်းပစ် ဒုံးကျည်တွေနဲ့ အစ္စရေးကို တိုက်ခိုက်လိုက်ပြီးနောက်မှာ အမေရိကန်နိုင်ငံက အခုလို တောင်းဆို လိုက်တာပါ။
အီရန်ရဲ့ တိုက်ခိုက်မှုဟာ ပြောင်ကျလွန်းပြီး လက်ခံလို့မရတဲ့ တိုက်ခိုက်မှုလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။
တိုက်ခိုက်မှုအတွင်း အမေရိကန်ရဲ့ အခြေခံအဆောက်အအုံတွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် မက်သယူးမီလာက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို လုပ်ဆောင်မယ်လို့ အီရန်အစိုးရက အမေရိကန်ကို သတိပေးပြောဆိုတာမျိုးလည်း မရရှိခဲ့ဘူးလို့ မီလာက ပြောသွားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုက သိပ်မကြာတော့တဲ့ အချိန်တွင်းမှာ အီရန်က တိုက်ခိုက်မှုတစ်ခု လုပ်လာနိုင်တယ်လို့ အစ္စရေးကို အင်္ဂါနေ့မှာ သတိပေးခဲ့ပါတယ်။
အဲဒီနောက် မကြာခင် ညပိုင်းမှာပဲ အီရန်ရဲ့ ဒုံးကျည်ပစ်ခတ်တိုက်ခိုက်မှု ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။