အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုဟာ ကျရှုံးသွားပြီး အဲဒီတိုက်ခိုက်မှုအတွက် လက်တုံ့ပြန်သွားမယ်လို့ တဲလ်အဗစ်မြို့ မှာ အင်္ဂါနေ့ ညပိုင်းကပြုလုပ်တဲ့ လုံခြုံရေးအစည်းအဝေးမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက ပြောလိုက်ပါတယ်။
အီရန်ဟာ ဒီညမှာ အမှားကြီးတစ်ခုကို ကျူးလွန်လိုက်ပြီး အဲဒီအတွက် အဖိုးအခ ပေးရလိမ့် မယ်လို့ နေတန်ညာဟုက ပြောပါတယ်။ အီရန်အုပ်ချုပ်သူတွေဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရေးအတွက် မိမိတို့ရဲ့ သံန္နိဋ္ဌာန်နဲ့ ရန်သူတွေအပေါ် လက်တုံ့ပြန်ဖို့ သံန္နိဋ္ဌာန်ကို သေချာနားမလည်ဘူးလို့လည်း ပြောသွားပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကတော့ အဲဒီဒုံးကျည်တိုက်ခိုက်မှုဟာ ဟစ်ဇ်ဘိုလာနဲ့ ဟားမာ့စ် စစ်သွေးကြွ ခေါင်းဆောင်တွေကို သတ်ဖြတ်မှု၊ လက်ဘနွန်နဲ့ ဂါဇာကို ကျူးကျော်မှုတို့အတွက် အစ္စရေးကို လက်စားချေ တိုက်ခိုက်တာလို့ ပြောပါတယ်။
ဒါကို အစ္စရေးက ပြန်လည် လက်တုံ့ပြန်လာရင် ပိုပြီး ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေနဲ့ ထပ်ကြုံရမယ်လို့လည်း အီရန် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် မိုဟာမက် ဘာဂတ်တီက သတိပေးလိုက်ပါတယ်။
အီရန်ုနိုင်ငံက အင်္ဂါနေ့ ညပိုင်းမှာ အစ္စရေးကို သူ့ရဲ့ အသံထက်မြန်တဲ့ ဖာတာ တိုက်ချင်းပစ် ဒုံးကျည်ရာပေါင်းများစွာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီဒုံးကျည်ပစ်ခတ်မှုကြောင့် သေဆုံးသူမရှိဘူးလို့ အစ္စရေးက ပြောပါတယ်။
အစ္စရေးအပေါ် အဲဒီလို တိုက်ချင်းပစ်ဒုံးကျည်နဲ့ ပစ်ခတ်မှုလုပ်ပြီးနောက် အီရန်နိုင်ငံမြို့တော် တီဟီရန်မှာ အီရန်ပြည်သူတွေ လမ်းပေါ်ထွက် အောင်ပွဲခံခဲ့ကြပါတယ်။