ဘန်ကောက်မြို့ ဆင်ခြေဖုံးမှာ အောက်တိုဘာ ၁ ရက်က မီးလောင်ခဲ့တဲ့ ကျောင်းကားတစ်စီးက ရုပ်အလောင်း ၂၃ လောင်းကို ဆယ်ယူရရှိခဲ့တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။
ဝတ်ခါအိုဖရာ မူလတန်းကျောင်းက ကျောင်းသားကျောင်းသူတွေနဲ့ ဆရာမတွေကို တင်ဆောင်ပြီး ဘန်ကောက်ကို လေ့လာရေးထွက်လာတဲ့ ဘတ် စကားဟာ တာယာပွင့်ထွက်လို့ ကွန်ကရစ်အရံအတားကို ဝင်တိုက်ခဲ့ရာက မီးလောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
ဆိုရှယ်မီဒီယာတွေမှာ အစောပိုင်းတင်ထားတဲ့ ဒေသဆိုင်ရာသတင်းတွေအရ မီးလောင်နေတဲ့ ဘတ်စကားထဲက မီးခိုးလုံးတွေ ထူထူထဲထဲ ထွက်နေတာကို တွေ့ရပါတယ်။
မတော်တဆမှု ဖြစ်ပြီးနောက် ဘတ်စကားတံခါး ချွတ်ယွင်းပြီး ဖွင့်မရလို့ မီးလောင်သေဆုံးကုန်ပုံရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ကားပေါ်မှာ ကျောင်းသူကျောင်းသား ၃၈ ယောက်နဲ့ ကျောင်းဝန်ထမ်း ၆ ယောက် လိုက်ပါလာတဲ့အနက် စုစုပေါင်း ၁၉ ယောက်ကိုပဲ ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံပို့ဆောင်ထားတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ကလေးအလောင်း ၂၀ နဲ့ ဆရာမ ၃ ယောက်ရဲ့ အလောင်းတွေ ဖော်ထုတ်ရရှိထားပါတယ်။
ထိုင်းဒုတိယဝန်ကြီးချုပ် အနူတင် ချရန် ဗီရာကူလ်က သေဆုံးသူတွေရဲ့အလောင်းတွေကို သူတို့မိသားစုတွေဆီ အမြန်ဆုံးပြန်ပေးနိုင်ရေးအတွက် အလောင်း စိစစ်ဖော်ထုတ်ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်ပေးဖို့ တောင်းဆိုထားကြောင်း ပြောပါတယ်။
ဘန်ကောက် မြောက်ဘက် ကီလိုမီတာ ၂၅၀ အကွာ ဥထိုင်းသနီပြည်နယ်က ကွင်းဆင်းလေ့လာရေးထွက်လာတဲ့ မူလတန်း ကျောင်းသူကျောင်းသားတွေဖြစ်ပြီး မိခင်တစ်ယောက်အနေနဲ့ မိသားစုတွေအတွက် ထပ်တူထပ်မျှ ဝမ်းနည်း ကြောင်း ဖော်ပြချင်ပါတယ်လို့ X လူမှုကွန်ရက်မှာ ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်က ရေးသားဖော်ပြခဲ့ပါတယ်။