လက်ဘနွန်တောင်ပိုင်းအရေးနဲ့ ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဩစတင်နဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအာ့(ဗ်) ဂေါ်လန့်(တ်)တို့ဟာ ဖုန်းကနေတစ်ဆင့် စကားပြောဆိုခဲ့တယ်လို့ အမေရိကန် ကာကွယ်ရးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လက်ဘနွန်တောင်ပိုင်းကို အကန့်အသတ်နဲ့ မြေပြင်ထိုးစစ်တစ်ရပ် စတင်ဆင်နွှဲလိုက်ပြီဖြစ်ကြောင်း အစ္စရေးက ထုတ်ဖော်မကြေညာခင် တနင်္လာနေ့မှာ အဲဒီလိုဖုန်းနဲ့ ဆွေးနွေးမှု ဖြစ်ပေါ်ခဲ့တာပါ။
အင်္ဂါနေ့ မနက်အစောပိုင်းမှာတော့ အစ္စရေးတပ်တွေ လက်ဘနွန်တောင်ပိုင်းကို စတင်ဝင်ရောက် တိုက်ခိုက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဖုန်းနဲ့ဆွေးနွေးမှုအတွင်းမှာ ဩစတင်နဲ့ ဂေါ်လန့်(တ်) တို့ဟာ အောက်တိုဘာ (၇)ရက် တိုက်ခိုက်မှုပုံစံမျိုး ဟစ်ဇ်ဘိုလာက အစ္စရေးအပေါ်မှာ မလုပ်နိုင်အောင် နယ်စပ်တစ်လျှောက်မှာရှိတဲ့ ဟစ်ဇ်ဘိုလာ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ဖျက်ဆီးဖို့ အရေးကြီးတယ်ဆိုတာ သဘောတူခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဩစတင်ဘက်ကလည်း နယ်စပ် တစ်ဖက်တစ် ချက်မှာ ရှိနေတဲ့ အရပ်သားတွေအနေနဲ့ ဘေးကင်းလုံခြုံစွာ အိမ်ပြန်နိုင်ဖို့အတွက် သံတမန်ရေးအရ အဖြေရှာမှု တစ်ခု လိုအပ်ကြောင်း အခိုင်အမာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။