ဟာရီကိန်း ဟယ်လန် ဝင်ရောက်တိုက်ခတ်ခဲ့လို့ အပျက်အစီး ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ မြောက်ကာရိုလိုင်းနား ပြည်နယ်မှာ မုန်တိုင်းအလွန် သန့်ရှင်းရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို တနင်္ဂနွေနေ့က စတင်ဆောင်ရွက်နေပါတယ်။
ဟာရီကိန်း ဟယ်လန်ကြောင့် ဖလော်ရီဒါ ၊ ဗာဂျီးနီးယား စတဲ့ ပြည်နယ် တော်တော် များများမှာ ကြီးမားတဲ့ ရေကြီးရေလျှံမှုတွေနဲ့အတူ လမ်း ၊ တံတားတွေ ပျက်စီးခဲ့ရပြီး လူသန်းနဲ့ချီ လျှပ်စစ်မီးမရဘဲ ဖြစ်ခဲ့ရပါတယ်။
မုန်တိုင်းရဲ့ မိုးသက်လေပြင်းနဲ့ ဒီရေတို့ကြောင့် မြောက်ကာရိုလိုင်းနား၊ တောင်ကာရိုလိုင်းနား၊ ဂျော်ဂျီယာ၊ ဖလော်ရီဒါ၊ တဲနက်ဆပ်စ်နဲ့ ဗာဂျီးနီးယား ပြည်နယ်တို့မှာ အနည်းဆုံး လူ(၉၀) သေဆုံးခဲ့ပါတယ်။
မုန်တိုင်းအတွင်း အဆိုးဆုံးရွာသွန်းခဲ့တဲ့ မိုးကြီးမှုဖြစ်စဉ်တွေထဲက တစ်ခုဟာ မြောက်ကာရိုလိုင်းနားပြည်နယ်ရဲ့ အနောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့ပြီး အဲဒီမိုးကြီးမှုအတွင်း ယန်ဆေး ကောင်တီမှာ မိုးရေချိန်လက်မ (၃၀) နီးပါးအထိ မိုးရွာသွန်းခဲ့တယ်လို့ အမေရိကန် အမျိုးသားမိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဟာရီကိန်း မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၁၅)ဘီလီယံကနေ ဘီလီယံ (၁၀၀)ကျော် အကြားမှာ ရှိမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားကြပါတယ်။