စပိန်နိုင်ငံ အီလ်ဟိုင်အဲရိုကျွန်းအနီးမှာ စက်လှေနစ်မြုပ်ပြီးနောက် ပျောက်ဆုံးနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၄၈ ယောက်လောက်ကို ကင်းလှည့်သင်္ဘောတွေနဲ့ ရဟတ်ယာဉ်တွေက စက်တင်ဘာ ၂၉ ရက်မှာ ဆက်လက် ရှာဖွေခဲ့ပါတယ်။
နှစ် ၃၀ အတွင်း အာဖရိကကနေ ကန်နာရီကျွန်းစုတွေကို ဖြတ်ကျော်တဲ့ ရွှေ့ပြောင်းတွေရဲ့ လူ အသေအပျောက် အများဆုံးဖြစ်ရပ် မှတ်တမ်းဝင်မှာ စိုးရိမ်နေရပါတယ်။
စနေနေ့ မနက်အစောပိုင်းက စက်လှေ နစ်မြုပ်ပြီးနောက် ကလေးတစ်ယောက် အပါအဝင် လူကိုးယောက် သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။ စပိန်ကမ်းရိုးတန်းကို ရောက်ဖို့ ကြိုးစားနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၈၄ ယောက်ထဲက ၂၇ ယောက်ကို ကယ်ဆယ်ရေးသမားတွေက ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ရွှေ့ပြောင်းတွေဟာ မာလီ၊ မောရီတေးနီးယားနဲ့ ဆီနီဂေါနိုင်ငံတွေက ဖြစ်တယ်လို့ စပိန်အာဏာပိုင်တွေက ပြောပါတယ်။
စနေနေ့ သန်းခေါင်ကျော်မှာ အီလ်ဟိုင်အဲရိုကျွန်းအရှေ့ဘက် လေးမိုင်အကွာရှိ စက်လှေ ပေါ်က အရေးပေါ် ဖုန်းခေါ်ဆိုမှုကြောင့် ကယ်ဆယ်ရေးတွေ လုပ်နေစဉ်အတွင်း လှေနစ်မြုပ်ခဲ့တာပါ။
လေပြင်းနဲ့ အလင်းရောင်အားနည်းတာကြောင့် ကယ်ဆယ်ရေး အလွန်ခက်ခဲခဲ့တယ်လို့ ဆိုပါ တယ်။ ရွှေ့ပြောင်း ၂၀၈ ယောက်ပါဝင်တဲ့ တခြားလှေသုံးစင်းဟာ ညဘက်မှာ ကန်နာရီကျွန်းတွေဆီ ရောက်ရှိ ခဲ့ပါတယ်။
အာဖရိကကနေ စပိန်ကျွန်းစုတွေဆီကို သွားလာတဲ့လမ်းကြောင်းဟာ အခုနှစ်အတွင်း ရွှေ့ပြောင်းသွား လာသူ ၁၅၄ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ပထမ ခုနစ်လအတွင်း ရွှေ့ပြောင်း ၂၁,၆၂၀ ယောက် ဖြတ်ကျော်ခဲ့တယ်လို့ သိရပါတယ်။