လက်ဘနွန်ထဲက ဟစ်ဇဘိုလာစစ်သွေးကြွတွေကို အစ္စရေးက မြေပြင်ထိုးစစ်တစ်ရပ်ဆင်နွှဲဖို့ မျှော်လင့်ရချိန်မှာပဲ အစ္စရေးမြောက်ပိုင်း နာဟာရီးယားမြို့မှာ အစ္စရေးစစ်သားတွေ စုဖွဲ့ရောက်ရှိလာနေပါတယ်။
အစ္စရေးစစ်တပ်က အရန်တပ်တွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်ပြီး နိုင်ငံမြောက်ပိုင်းဒေသကို အရန်တပ်ဖွဲ့က တပ်မဟာ နှစ်ခုကို စေလွှတ် ထားကြောင်း ကြေညာခဲ့တဲ့နောက် ကြာသပတေးနေ့မှာ နာဟာရီးယားကို အစ္စရေးစစ်သားတွေ စုဖွဲ့ရောက်ရှိနေ တာပါ။
အစ္စရေးဟာ လက်ဘနွန်အခြေစိုက် ဟစ်ဇဘိုလာအဖွဲ့နဲ့ အပစ်ရပ်ရေးလုပ်ဖို့ ကမ္ဘာ့နိုင်ငံတွေရဲ့ တောင်းဆို မှုကို ပယ်ချထားပြီး လက်ဘနွန်ထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေ ရှေ့ဆက်တိုး လုပ်ဆောင်နေပါတယ်။
ဒီအတွက် ဒေသတွင်းမှာ စစ်ပွဲအရှိန် ပြန့်ကားထွက်လာမဲ့အရေးကိုလည်း စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အစ္စရေး စစ်ဦးစီးချုပ် ဟာဇီ ဟာလာဗီက လက်ဘနွန်ထဲက ဟစ်ဇဘိုလာအဖွဲ့ရဲ့ အခြေခံ အဆောက်အအုံတွေကို ဖျက်ဆီးဖို့နဲ့ မြေပြင်ထိုးစစ်အတွက် လမ်းကြောင်းရှင်းဖို့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အစ္စရေးတပ်ဖွဲ့တွေကို ပြောကြားထားပါတယ်။
အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက် မှုတွေကြောင့် လက်ဘနွန်တောင်ပိုင်းမှာ လူထောင်ချီ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပြီးတော့ လွန်ခဲ့တဲ့ရက်ပိုင်း တွေက လူပေါင်း(၆၀၀)လောက် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။