ရုရှားကို ရင်ဆိုင်ရာမှာ အထောက်အကူဖြစ်ဖို့အတွက် ယူကရိန်းကို စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ (၈) ဘီလီယံကျော် ပေးအပ်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။
အိမ်ဖြူတော်မှာ ယူကရိန်း သမ္မတ ဇယ်လန်းစကီးနဲ့ တွေ့ဆုံစဉ်မှာ အခုလို စစ်ရေးအကူအညီတွေပေးဖို့ ထပ်မံ ကြေညာသွားခဲ့တာပါ။
ပေးအပ်သွားမဲ့ စစ်ရေးအကူအညီတွေထဲမှာ ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်တဲ့ Joint Standoff Weapon (ဂျွိုင်း စတန်းဒေ့ါဖ် ဝက်ပန်း) တာလစ်ပစ် ပဲ့ထိန်းဒုံးကျည်တွေပေးအပ်ဖို့နဲ့ အဲဒီဒုံးကျည်တွေကို ဘေးကင်းလုံခြုံတဲ့နေရာကနေ အသုံးပြု ပစ်ခတ်ခွင့် ပါဝင်ခဲ့ပါတယ်။
အဲဒီ တာလတ်ပစ် ဒုံးကျည်တွေဟာ တိုက်လေယာဉ်တွေပေါ်က ကြဲချပစ်ခတ်ရတဲ့ လက်နက်မျိုး ဖြစ်ပါတယ်။
ဒါပေမဲ့ သမ္မတဘိုင်ဒန်က ယူကရိန်း အနေနဲ့ ရုရှားပိုင်နက် အတွင်းပိုင်းက ပစ်မှတ်တွေကို အမေရိကန် ဒုံးကျည်တွေသုံးပြီး ပစ်ခတ်ခွင့်တော့ပေးမှာ မဟုတ်ဘူးလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
ဇယ်လန်းစကီးနဲ့ မတွေ့ခင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း သမ္မတဘိုင်ဒန်က ယူကရိန်းနဲ့အတူ အခုလည်း ရပ်တည်နေသလို နောင်အနာဂတ်မှာလည်း ဆက်လက်ရပ်တည်သွားမှာဖြစ်ကြောင်း အတိအလင်း ပြောကြားလိုတယ်လို့ ပြောကြားခဲ့ပါတယ်။
စစ်မြေပြင်မှာ ယူကရိန်းရဲ့ အခြေအနေ ခိုင်မာစေဖို့ အတွက် အမေရိကန်က ဆက်လက်ကူညီပေးသွားမှာဖြစ်ပြီး လာမဲ့ ဇန်နဝါရီလ မကုန်ခင်မှာ ကျန်ရှိနေသေးတဲ့ လုံခြုံရေးရန်ပုံငွေတွေကို သုံးစွဲသွားဖို့လည်း ပင်တဂွန်စစ်ဌာနချုပ်ကို ညွှန်ကြား ထားပြီးဖြစ်ကြောင်း မစ္စတာ ဘိုင်ဒန်က ပြောပါတယ်။
အခုလို ကူညီပံ့ပိုးပေးအတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ ဥရောပသမဂ္ဂနဲ့ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ထဲမှာ ယူကရိန်းရဲ့ အနာဂတ်ကို သေချာအောင် လုပ်ဖို့က အရေးကြီးကြောင်း ယူကရိန်းသမ္မတ ဇယ်လန်စကီးက ပြန်လည် ဆွေးနွေးသွားခဲ့ပါတယ်။