၂၀၂၄ ခုနှစ်ရဲ့ အပူရှိန်ဟာ ထူးထူးခြားခြား စံချိန်တင် မြင့်မားခဲ့တာကြောင့် သက်ရောက်မှုအနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ်အထိ အပူချိန်က ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိတယ်လို့ ဥရောပသမဂ္ဂက သိပ္ပံပညာရှင်တွေက ထုတ်ပြန် ထားပါတယ်။

အခု ၂၀၂၄ ခုနှစ်ဟာ စံချိန်တင် အပူဆုံးနှစ် တစ်နှစ် ဖြစ်ခဲ့သလို အပူချိန်က ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်အထက် မြင့်တက်လာတဲ့ ပထမဆုံး ပြက္ခဒိန်နှစ်လည်း ဖြစ်ခဲ့တာပါ။ဒါ့ကြောင့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းလတွေမှာ အပူချိန် မြင့်မားမှုက ဆက်လက်သက်ရောက်မှုတွေ ရှိနေနိုင်ပြီး ၂၀၂၄ ခုနှစ်လို အပူချိန် မြင့်မားမှု ကြုံတွေ့နိုင်ချေရှိမရှိတော့ သိပ္ပံပညာရှင်တွေက ဆက်လက် လေ့လာ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။

ရုပ်ကြွင်းလောင်စာတွေကနေ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု မြင့်မားမှုက ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ် လာရခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ မြင့်မားတဲ့အပူချိန်ကြောင့် အန္တရာယ်ရှိတဲ့ အပူလှိုင်းတွေ၊ မိုးခေါင်မှု၊ တောမီးတွေနဲ့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။