ရုရှားဇာဘုရင်အတွက် ရည်မှန်းထားခဲ့တယ်လို့ ဆိုနိုင်တဲ့ ရှန်ပိန်ပုလင်းတွေပါတဲ့ ၁၉ ရာစု သင်္ဘောပျက်တစ်စင်းကို ဆွီဒင်ကမ်းလွန်မှာ ပိုလန်ရေငုပ်သမားတွေက တွေ့ရှိခဲ့ပါတယ်။ ဆွီဒင်နိုင်ငံ အိုလန်ကျွန်းတောင်ဘက် ရေမိုင် ၂၀ အကွာ ဘောလ်တစ်ပင်လယ်မျက်နှာပြင်အောက် မီတာ ၆၀ မှာ ကြွေထည်နဲ့ တွင်းထွက်ရေပုလင်းတွေ ပါရှိတဲ့ သင်္ဘောပျက်ကို ရှာဖွေတွေ့ရှိခဲ့တာပါ။

ကုန်စည်တွေကို ကမ်းပေါ်ပို့ဆောင်ဖို့ ဆွီဒင်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် လိုအပ်တယ်လို့ ရေငုပ်သမားတွေက ဆိုပါတယ်။
ရေငုပ်သမားတွေဟာ အစပိုင်းမှာ ဒီသင်္ဘောပေါ်ပါ ကုန်စည်ကို အသေအချာ ဂရုမစိုက်မိခဲ့ပေမယ့် သီးသန့် သတ်မှတ်ထားတဲ့တံဆိပ်နဲ့ ရှန်ပိန်ပုလင်းတွေကို သတိထားမိခဲ့တယ်လို့ ပြောပါတယ်။ အဲဒီရှန်ပိန်ထုတ်လုပ်သူနဲ့ အဆက်အသွယ် ရရှိမှ ဇာဘုရင်အတွက် သီးသန့်ထုတ်လုပ်တဲ့ အရသာ ချိုတဲ့ ရှန်ပိန်တစ်မျိုး ရှိမှန်း သိလာရတယ်လို့လည်း ရှင်းပြခဲ့ပါတယ်။

ခွင့်ပြုချက်ရရင် အခုအခါ ဘယ်လောက် တန်ဖိုးရှိပြီး သောက်သုံးနိုင်မလား ဆိုတာ သိနိုင်ဖို့ အဲဒီရှန်ပိန်ပုလင်းတချို့ကို ထုတ်လုပ်သူထံ ပေးပို့သွားမယ်လို့ လည်း ပြောပါတယ်။ အဲဒီအချိန်က ရှန်ပိန်ဟာ လူတွေအတွက် တန်ဖိုးကြီးရုံသာမက သတ္တုရေအဖြစ် ဆေးဘက် ဆိုင်ရာ အရည်အသွေးတွေအတွက်လည်း အလွန်အဖိုးတန်တဲ့ အဖိုးတန်ရတနာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။