၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ၁၁ လအတွင်း ဗီယက်နမ်နဲ့ တရုတ်အကြား နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၈၅.၄ ဘီလီယံအထိ ရောက်ရှိလာခဲ့တယ်လို့ အထွေထွေစာရင်းအင်းရုံး (GSO) ထုတ်ပြန်ချက်အရသိရပါတယ်။
ဒီလို နှစ်နိုင်ငံကြားကုန်သွယ်မှုပမာဏဟာ စံချိန်သစ် တင်တဲ့ အခြေအနေ ရောက်ရှိလာတာဖြစ်ပါတယ် ။ ဒီကာလအတွင်း တရုတ်ကို ဗီယက်နမ်နိုင်ငံ ပို့ကုန်တင်ပို့မှုက အမေရိကန်ဒေါ်လာ ၅၅.၂ ဘီလီယံရှိပြီး တင်သွင်းမှုက အမေရိကန်ဒေါ်လာ ၁၃၀.၂ ဘီလီယံရှိတယ်လို့သိရပါတယ်။

နှစ်နိုင်ငံအကြား ပျမ်းမျှကုန်သွယ်မှုပမာဏက တစ်လကို အမေရိကန်ဒေါ်လာ ၁၆.၈ ဘီလီယံရှိတယ်လို့ သိရပါတယ်။ အခုလို နှစ်နိုင်ငံ ပို့ကုန်တိုးတက်မှုနှုန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါက လာမယ့်နှစ်တွေအတွင်းမှာလည်း ပိုမိုတိုးတက်မယ့် အလားအလာမှာရှိမယ်လို့ သုံးသပ်ထားကြပါတယ်။

လက်ရှိအချိန်အထိ တရုတ်ဟာ ဗီယက်နမ် လယ်ယာထွက်ကုန်တင်ပို့တဲ့ အဓိကဈေးကွက်တစ်ခုဖြစ်နေပြီး အဓိကတင်ပို့နေတာတွေကတော့ ဒူးရင်း၊ ငှက်သိုက်၊ ကန်စွန်းဥ၊ နဂါးမောက်သီး၊ ကြက်မောက်သီး၊ သရက်သီး၊ ပိန္နဲသီး၊ ဖရဲသီး၊ ငှက်ပျောသီး၊ မင်းဂွတ်သီး၊ လိုင်ချီးနဲ့ ပင်မှည့်သီး တို့ပါဝင်ပါတယ် ။