ဩစတေးလျ နဲ့ နယူးဇီလန် အနီး ရေပြင်မှာ တရုတ်စစ်တပ်က ရှားရှားပါးပါး စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ခဲ့လို့ အဲဒီ နှစ်နိုင်ငံကြား ပျံသန်းနေတဲ့ လေယာဉ်တွေ လမ်းကြောင်းပြောင်း မောင်းနှင်မှုတွေ ဖြစ်ခဲ့ရပါတယ်။
အဲဒီတရုတ်ရေတပ်သင်္ဘောတွေရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ကျည်အစစ်တွေ သုံးခဲ့ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ တရုတ်ရေတပ်သင်္ဘောတွေဟာ တက်စ်မေနီးယန်း ပင်လယ်ထဲမှာ စစ်ရေးလေ့ကျင့်ခဲ့လို့ နယူးဇီလန်ရော ဩစတြေးလျမှာပါ သတိအနေအထားထိ ဖြစ်ခဲ့ရပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုဟာ ပုံမှန်မဟုတ် ထူးခြားတဲ့ လုပ်ရပ်လို့ ဩစတေးလျအစိုးရက ပြောပါတယ်။ တရုတ်နိုင်ငံကတော့ နိုင်ငံတကာ ရေပြင်မှာ လုပ်တဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုဟာ နိုင်ငံတကာဥပဒေတွေ နဲ့ညီညွတ်တယ်လို့ပြောပါတယ်။

လက်ရှိမှာ နယူးဆောက်ဝေးလ်ပြည်နယ်ကနေ ရေမိုင်(၃၄၀) ကျော်မှာ ပြုလုပ်နေပြီးတစ်ကြိမ်မှာတော့ တရုတ်စစ်ရေယာဉ်တွေဟာ ဆစ်ဒနီ နဲ့ ရေမိုင် (၁၅၀) အနီးအထိ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီတရုတ်ရေတပ်သင်္ဘောတွေကို ဩစတေးလျ နဲ့ နယူးဇီလန်တို့က စစ်သင်္ဘောတွေ စေလွှတ်ပြီး စောင့်ကြည့်နေပါတယ်။