အွန်လိုင်းပေါ်က သတင်းမှားပျံ့နှံ့မှုကို တားဆီးဖို့ ပျက်ကွက်မှုအတွက် အင်တာနက် လူမှုကွန်ရက် ဝန်ဆောင်မှု တွေကို ဒဏ်ငွေရိုက်တော့မယ်လို့ ဩစတြေးလျအစိုးရက ကြာသာပတေးနေ့မှာ ကြေညာလိုက်ပါတယ်။
အဲဒီ လူမှုကွန်ရက်ဝန်ဆောင်မှုတွေကို တစ်ကမ္ဘာလုံးမှာ သူတို့ရရှိထားတဲ့ ဝင်ငွေအားလုံးရဲ့ ၅ ရာခိုင်နှုန်းကို ဒဏ်ငွေအဖြစ် ကောက်ခံသွားမှာဖြစ်တယ်လို့ ပါလီမန်ကို တင်သွင်းတဲ့ အွန်လိုင်းလူမှုကွန်ရက်ဝန်ဆောင်မှုဆိုင်ရာ ဥပဒေ ကြမ်းမှာ ဖော်ပြထားပါတယ်။
အန္တရာယ်များတဲ့ အတုအယောင် အလိမ်အညာတွေ ပျံ့နှံ့မှုကို ကိုင်တွယ်ကြီးကြပ် ရာမှာ နည်းပညာပလက်ဖောင်းတွေအနေနဲ့ ကျင့်ဝတ်စည်းကမ်းတွေ ချမှတ်ပြီး စည်းကမ်း ကြီးကြပ်ထိန်းသိမ်းရေးအဖွဲ့က အတည်ပြုချက်ပေးတဲ့စနစ်ကို ကျင့်သုံးရေး လုပ်ဆောင်ဖို့ ညွှန်ကြားသွားမယ်လို့ ဆိုပါတယ်။
အွန်လိုင်းဝန်ဆောင်မှုတစ်ခုက အဲဒီလို စံနှုန်းသတ်မှတ်ဖို့ ပျက်ကွက်ခဲ့ရင် စည်းကမ်းကြီးကြပ်ထိန်းသိမ်းရေးအဖွဲ့ အနေနဲ့ ကိုယ်ပိုင်စံနှုန်းတွေ ချမှတ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ချမှတ်လာမဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တဲ့ ကုမ္ပဏီတွေကို ဒဏ်ငွေရိုက်သွားမှာပါ။ ပါလီမန်ကို တင်သွင်းခဲ့တဲ့ အဲဒီဥပဒေကြမ်းဟာ ရွေးကောက်ပွဲ၊ အများပြည်သူကျန်းမာရေးကိစ္စရပ်တို့အပေါ် သတင်းမှား မဖြန့်ဖို့ တားမြစ်ထားပါတယ်။
ဒါ့အပြင် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို အနာတရဖြစ်စေအောင်နဲ့ အရေးကြီး အခြေခံအဆောက်အအုံတွေ၊ အရေးပေါ် ကယ်ဆယ် ရေး ဝန်ဆောင်မှုစနစ်တွေကို ဘေးအန္တရာယ်ဖြစ်အောင် သတင်းမှားဖြန့်ချိတာကို တားမြစ်ထားပါတယ်။
အဲဒီ တားမြစ်ချက်တွေကို ချိုးဖောက်ရင် ချိုးဖောက်တဲ့ အဖွဲ့အစည်းတွေကို ပြစ်တင်ရှုတ်ချဖို့လည်း အဲဒီဥပေဒကြမ်းမှာ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။
ဩစတြေးလျခေါင်းဆောင်တွေက ပြည်ပက တီထွင်ထုတ်လုပ်တဲ့ နည်းပညာ ပလက်ဖောင်းတွေဟာ နိုင်ငံ့ အချုပ်အခြာအာဏာကို ကျော်လွန်လွှမ်းမိုးလာနေတယ်လို့ ပြောဆိုနေကြချိန်နဲ့ ဩစတြေးလျမှာ တစ်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပရဖို့ ရှိနေချိန်မှာ ပါလီမန်ကို တင်သွင်းလာတဲ့ ဥပဒေကြမ်း တစ်ခုလည်း ဖြစ်ပါတယ်။