အာဂျင်တီးနားသမ္မတ ဟာဗီယာ မီးလေးဟာ ဆိုရှယ်မီဒီယာပေါ်မှာ ဒီဂျစ်တယ်ငွေကြေး (ခရစ်(ပ်)တိုကာရန်စီ) ကို အားပေးကာ လိမ်လည်ခဲ့တဲ့အတွက် စွပ်စွဲပြစ်တင်ဖို့ တောင်းဆိုမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မီးလေးဟာ ပြီးခဲ့တဲ့အပတ် သောကြာနေ့က သူရဲ့ X လူမှုကွန်ရက်ပေါ်မှာ ဘီလရာ ဒစ်ဂျစ်တယ် ငွေကြေးဟာ အသေးစား လုပ်ငန်းတွေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းသစ်တွေကို ငွေကြေးပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ရေးတင်ခဲ့ပါတယ်။

ဒါ့အပြင် အဲဒီပို့စ်မှာပဲ လစ်ဘရာ ဒစ်ဂျစ်တယ်ငွေကို ၀ယ်ယူရရှိနိုင်မဲ့ လင့်ခ်တစ်ခုကိုပါ ပူးတွဲတင်ပြခဲ့ရာမှာ လစ်ဘရာ ဒစ်ဂျစ်တယ် ငွေကြေးရဲ့စျေးနှုန်း ထောင်တက်သွားခဲ့ပါတယ်။ ဒါပေမဲ့ နာရီအနည်းငယ်အတွင်းမှာ သူက အဲဒီ ပို့စ်ကို ပြန်ဖျက်ခဲ့လိုက်ရာမှာ အဲဒီဒစ်ဂျစ်တယ်ငွေကြေးရဲ့တန်ဖိုးဟာ ဇောက်ထိုးပြန်ကျသွားခဲ့ပါတယ်။ ဒီအတွက် ရင်းနှီးမြှုပ်နှံသူတွေဟာ အဲဒီနာရီပိုင်းတွင်း ငွေကြေးအမြောက်အမြား ဆုံးရှုံးခဲ့ရပါတယ်။ကွန်ဂရက်ထဲက အတိုက်အခံတွေက မီးလေးကို အဲဒီလို အွန်လိုင်းပေါ်မှာ လိမ်လည်မှုအတွက် တရားစွဲဆိုသွားဖို့ စတင်ပြင်ဆင်နေပြီးလို့ ပြောလိုက်ပါတယ်။

အစိုးရရှေ့နေတွေကလည်း အာဂျင်တီးနား ရာဇဝတ်တရားရုံးမှာ တနင်္ဂနွေနေ့က သမ္မတ မီးလေးအပေါ် တိုင်ကြားစာပေးပို့ပြီး အမှုဖွင့်လိုက်ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဂျင်တီးနားသမ္မတရုံးက ပြည်သူတွေကြား ဖြစ်ပေါ်နေတဲ့ ခရစ်(ပ်)တို ဒစ်ဂျစ်တယ်ငွေကြေး သုံးစွဲမှုအပေါ် တုံံ့ပြန်ချက်တွေ ရှိလာတဲ့နောက် နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ထင်မြင်ယူဆချက်တွေကြောင့် အဲဒီပို့စ်ကို ပြန်ဖျက်ဖို့ ဆုံးဖြတ်တာလို့ ထုတ်ပြန်ပါတယ်။ ဆက်လက်ပြီး မီးလေးဟာ အဲဒီ ဒစ်ဂျစ်တယ်ငွေကြေး တွင်ကျယ်လာတဲ့ကိစ္စမှာ ပါဝင်ပတ်သက်မှုမရှိဘဲ အစိုးရရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးရုံးက ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။