ရိုမေးနီးယားရဲတွေဟာ အွန်လိုင်းအကျော်အမော် အန်ဒရူးတိတ်နဲ့ သူ့အစ်ကို ထရစ္စတန်ကို သြဂုတ်လ ၂၁ ရက်က ဂိုဏ်းဖွဲ့ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေးဌာနကို ခေါ်ဆောင်သွားပါတယ်။
တိတ်ရဲ့အိမ်တွေကို ဝင်ရောက်စီးနင်းရာက လူကုန်ကူးမှုနဲ့ ငွေကြေးခဝါချမှုအပါအဝင် ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု အသစ် ပြုလုပ်ဖို့ဖြစ်တယ်လို့ သိရပါတယ်။
အိမ်ထောင်ပြုဖို့ မလိုလားသူလို့ ကိုယ့်ကိုယ်ကိုယ် ဖော်ညွန်းတဲ့ တိတ်ဟာ အမျိုးသမီးတွေကို ရှုတ်ချပြောဆိုပြီး အစွန်းရောက် ဖိုဝါဒီ လူနေမှုပုံစံကို မြှင့်တင်တာနဲ့ အွန်လိုင်းမှာ ပရိသတ် သန်းချီ ရရှိထားပါတယ်။

သူနဲ့ အစ်ကိုဖြစ်သူ ထရစ္စတန်တို့ဟာ လူကုန်ကူးမှု၊ မုဒိမ်းမှု၊ အမျိုးသမီးတွေကို လိင်ပိုင်းအမြတ်ထုတ်ဖို့ ဂိုဏ်းဖွဲ့မှုတို့နဲ့ စွဲချက်တင်ခံထားရတဲ့ ရိုမေးနီးယား အမျိုးသမီးနှစ်ယောက်နဲ့အတူ ၂၀၂၃ ခုနှစ် နှစ်လယ်က စွဲချက်တင်ခံထားရတာပါ။
တိတ်နဲ့ ပတ်သက်တဲ့ နေအိမ်လေးလုံးမှာ ဝရမ်းအရ ရှာဖွေမှုလေးရပ် ပြုလုပ်ခဲ့တယ်လို့ ရိုမေးနီးယား အကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေးဌာနက ပြောပါတယ်။
လူကုန်ကူးမှုစွဲချက်တွေနဲ့ ရုံးတင်စစ်ဆေးနေစဉ်အတွင်း တိတ်ကို လွတ်လပ်စွာ သွားလာခွင့်ပေးထားတဲ့ အရင်က စီရင်ချက်ကို ဇူလိုင်လမှာ ရိုမေးနီးယားတရားရုံးတစ်ရုံးက ပယ်ချခဲ့ပါတယ်။