အီသီယိုးပီးယားနိုင်ငံမှာ အခုသီတင်းပတ်အစောပိုင်းက မြေပြိုမှုကြောင့် သေဆုံးသူဦးရေဟာ ၂၅၇ ယောက်အထိ ရှိလာပြီး အဲဒီထက် နှစ်ဆနီးပါးအထိ မြင့်တက်လာနိုင်တယ်ယ်လို့ ခန့်မှန်းရကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က ထုတ်ပြန်ပါတယ်။
အီသီယိုးပီးယားနိုင်ငံ တောင်ပိုင်း ဂိုဇာဇုန်မှာ တနင်္ဂနွေနေ့ ညက မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာက လူတွေမြေကြီးအောက် ရောက်ရှိခဲ့တာပါ။

တနင်္လာနေ့မှာလည်း နောက်ထပ် မြေပြိုကျမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ပါသေးတယ်။ အီသီယိုးပီးယား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မရှင်က အင်္ဂါနေ့အထိ သေဆုံးသူ ၂၂၉ ယောက် ရှိသွားပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။
သေဆုံးသူတွေရဲ့ ဈာပနအခမ်းအနားအပြီးမှာ ကယ်ဆယ်ရေးသမားတွေက ရုပ်အလောင်း ၂၂၆ လောင်းကို ဆယ်ယူရရှိထားပြီး နောက်ထပ် အယောက် ၂၀ ကို ရှာဖွေနေတယ်လို့ ဂိုဇာဇုန်စီမံခန့်ခွဲသူတစ်ယောက်က ပြောဆိုခဲ့ပါတယ်။