အခုနှစ်အတွင်း ဘီလျံနာသူဌေးကြီး အီလွန်မာ့ခ်ရဲ့ အသားတင်ချမ်းသာကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၄၀၀ ဘီလီယံ အထိရောက်ရှိလာပြီလို့ CNN က ဖော်ပြပါတယ်။

ဒါဟာ အမေရိကန်ပြည်ထောင်စုသမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် ဘီလျံနာသူဌေးကြီးတစ်ယောက်ရဲ့ ချမ်းသာကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၄၀၀ ဘီလီယံ အထိ စံချိန်တင် ရောက်ရှိလာတာဖြစ်ပါတယ်။ အီလွန်မာ့ခ် တည်ထောင်ထားတဲ့ လုပ်ငန်းတွေဖြစ်တဲ့ SpaceX ကုမ္ပဏီ တန်ဖိုးကလည်း အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံအထိ ရောက်ရှိလာပြီး မာ့ခ်ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအထိ မြင့်တက်သွားခဲ့တာပါ။

အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်အနိုင်ရရှိပြီးနောက်မှာ မာ့ခ်ကုမ္ပဏီတွေရဲ့ရှယ်ယာတန်ဖိုးတွေဟာ သိသိသာသာမြင့်တက်လာပြီး အဓိကကုမ္ပဏီကြီးဖြစ်တဲ့ Tesla ရဲ့ ရှယ်ယာဈေးနှုန်းတွေကလည်း အမေရိကန်ဒေါ်လာ ၄၂၄ ဒသမ ၇၇ အထိ မြင့်တက်လာတာဖြစ်ပါတယ်။