ဒေါ်နယ်ထရမ့်ကို ထောက်ခံကြောင်းပြတဲ့အနေနဲ့ မှတ်ပုံတင်ပြီးသား မဲဆန္ဒရှင်တွေကို နေ့စဉ် အမေရိကန်ဒေါ်လာ (၁)သန်း ပေးသွားမဲ့ အီလွန်မတ်စ်ရဲ့အစီအစဉ်ကို ဒီမိုကရက်တစ် ဒုသမ္မတလောင်း တင်(မ်)ဝေါ့ဇ်က ဝေဖန်ထိုးနှက် လိုက်ပါတယ်။
ဒါဟာ ရီပတ်ဘလီကန်တွေမှာ ပြည်သူတွေအတွက် ဘာအစီအစဉ်မှ တိတိပပ မရှိဘူးဆိုတာကို ပြသနေတယ်လို့ ဒုသမ္မတလောင်း တင်(မ်)ဝေါ့ဇ်က တနင်္လာနေ့မှာ ထိုးနှက်တိုက်ခိုက်သွားခဲ့တာပါ။
ဆိုရှယ် မီဒီယာ သူဌေးကြီးဖြစ်တဲ့ အီလွန်မတ်စ်က Swing state လို့ခေါ်တဲ့ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန်ထဲက တဖက် ဖက်ကို ယိမ်းနိုင်ခြေရှိတဲ့ ပြည်နယ်တွေက မဲဆန္ဒရှင်တွေအနေနဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ လက်နက်ကိုင်ဆောင်ခွင့်တို့အတွက် ထုတ်ပြန်ထားတဲ့ သူ့ရဲ့ ပန်ကြားလွှာမှာ ပါဝင်လက်မှတ်ရေးထိုးရင် တစ်နေ့ကို အမေရိကန်ဒေါ်လာ (၁)သန်းဖိုး မျှဝေပေးအပ်သွားမယ်လို့ ကမ်းလှမ်းထားတာပါ။
အီလွန်မတ်စ်ရဲ့ အဲဒီကမ်းလှမ်းချက်ဟာ ဥပဒေအရ တရားဝင် မဝင်၊ မဲဝယ်ရာ ရောက်မရောက် ဆိုတာကို ကျွမ်းကျင်သူတွေက မေးခွန်းထုတ်နေကြပါတယ်။
အဲဒီကိစ္စ နဲ့ ပတ်သက်ပြီး ABC သတင်းဌာနရဲ့ ရုပ်သံအစီအစဉ်မှာ မေးခွန်းမေးခံရတဲ့အခါမှာ ဒီမိုကရက်တစ် ဒုသမ္မတ လောင်း တင်(မ်)ဝေါ့ဇ်က လူထုအတွက် ဘာမှလုပ်ပေးဖို့ မတတ်နိုင်သူတွေ လုပ်လေ့ရှိတဲ့ အရာတစ်ခုလို့ ဝေဖန် ထိုးနှက်ခဲ့တာဖြစ်ပါတယ်။
ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူးကလည်း အီလွန်မတ်စ်ရဲ့ ငွေသား မျှဝေပေးအပ်မဲ့ အစီအစဉ်ကို တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးသင့်ကြောင်း ပြောကြား ထားပါတယ်။