အိုမန်မှာကျင်းပခဲ့တဲ့ အမေရိကန်နဲ့ တစ်ဆင့်ခံ ဆွေးနွေးပွဲအပေါ်ကို အရမ်းအကောင်းမြင်ဖို့ မလိုသလို အဆိုးမြင်ဖို့လည်း မသင့်တော်ဘူးလို့ အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမေနီက ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဧပြီလ ၁၅ ရက်က အီရန်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံရာမှာ ခါမေနီက အခုလိုပြောကြားလိုက်တာဖြစ်ပြီး အီရန်ရဲ့ အနာဂတ်က အမေရိကန်နဲ့ဆွေးနွေးပွဲအပေါ် မူတည်မှုမရှိဘူးလို့ ဆိုပါတယ်။
ဆွေးနွေးပွဲရဲ့ အစခြေလှမ်းအတိုင်း နောက်ထပ်ကျင်းပမယ့်ဆွေးနွေးပွဲတွေကို သတိကြီးကြီးနဲ့ လုပ်ဆောင်သွားရမယ်လို့ ခါမေနီက ဆိုပါတယ်။

အိုမန်အစိုးရကတစ်ဆင့် ကြားခံစေ့စပ်ညှိနှိုင်းမှုတွေကနေ ရလဒ်ထွက်ပေါ် လာနိုင်သလို ရလဒ်မထွက်တဲ့ဆွေးနွေးပွဲလည်း ဖြစ်သွားနိုင်တယ်လို့ ခါမေနီက ပြောပါတယ်။
အမေရိကန်အပေါ်ကို အယုံအကြည်မရှိဘဲ အီရန်ရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည်တွေအပေါ်ကိုပဲ ယုံကြည်ထားရမှာဖြစ်သလို အီရန်ရဲ့ဖွံဖြိုးတိုးတက်မှုတွေဟာ အမေရိကန်နဲ့ ဆွေးနွေးပွဲအပေါ် မူတည်မနေဘူးလို့လည်း အယာတိုလာ အလီခါမေနီက ပြောဆိုသွားပါတယ်။