စပိန်အန်ဂျီအို Open Arms နဲ့ အီတလီကမ်းခြေစောင့်တပ်တွေဟာ သြဂုတ် ၁၃ ရက်က ရွှေ့ပြောင်းနေထိုင်သူ ၅၄ ယောက်ကို ရေထဲက ကယ်တင်နိုင်ခဲ့ပါတယ်။

အီတလီတောင်ပိုင်းကမ်းရိုးတန်းက လမ်ပီဒူဆာကျွန်း ကမ်းလွန်မှာ ရော်ဘာလှေနဲ့ သွားနေတဲ့ ရွှေ့ပြောင်းတွေကို တွေ့ရှိကယ်တင်ခဲ့တာပါ။

ကယ်တင်ခဲ့တဲ့ ရွှေ့ပြောင်းတွေဟာ အဓိကအားဖြင့် ဆီးရီးယားနိုင်ငံသားတွေဖြစ်ပြီး ဆူဒန်က နှစ်ယောက်ပါဝင်တယ်လို့ Open Arms အဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

ပင်လယ်ပြင်က ကယ်တင်ရတဲ့ ရွှေ့ပြောင်းတွေအတွက် အီတလီက အငြင်းပွားဖွယ် ထိန်းသိမ်းရေးစခန်းတွေကို အယ်လ်ဘေးနီးယားမှာ တည်ထောင်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက ကြေညာထားပါတယ်။ သြဂုတ် ၁ ရက်က အယ်လ်ဘေးနီးယား ခရီးစဉ်အတွင်းမှာ ကြေညာခဲ့တာဖြစ်ပြီး မူလက စခန်းတွေကို နွေဦးရာသီမှာ လည်ပတ်နိုင်စေဖို့ မျှော်လင့်ခဲ့တာပါ။
မယ်လိုနီရဲ့ လက်ယာယိမ်းအစိုးရဟာ လူဝင်မှုကိုတားဆီးဖို့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ထိန်းသိမ်းရေး စခန်းတွေ တည်ဆောက်ဖို့ အယ်လ်ဘေးနီးယားနဲ့ ပြီးခဲ့တဲ့နှစ်က သဘောတူညီခဲ့ပါတယ်။
သဘောတူညီချက်အရ တစ်နှစ်ကို အီတလီ ကယ်တင်ထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၃၆,၀၀၀ လောက်ကို အယ်လ်ဘေးနီးယားမှာ ထားရှိမှာပါ။ မယ်လိုနီရဲ့ အစီအစဉ်ကို အတိုက်အခံ ပါတီတွေနဲ့ လူ့အခွင့်အရေးအဖွဲ့ တွေက ရှုတ်ချခဲ့ကြပါတယ်။