အီကွေဒေါနိုင်ငံ ကွီတိုမြို့တော်က လူနေရပ်ကွက်တွေဆီကို တောမီးလောင်ကျွမ်းမှု နီးကပ်လာတဲ့အတွက် မီးသတ်သမားတွေနဲ့ မြို့ခံတွေဟာ မီးတားနိုင်ဖို့ ကြာသပတေးနေ့က ကြိုးစားနေကြပါတယ်။
အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေကလည်း တောမီး နီးကပ်လာနေတဲ့ ကွီတိုမြို့တော်မြောက်ပိုင်း လူနေရပ်ကွက်တွေမှာ နေထိုင်သူတွေကို ဘေးလွတ်ရာကို ကူညီရွှေ့ပြောင်းပေးနေပြီ လက်ရှိအချိန်ထိ ထိခိုက်ဒဏ်ရာရတဲ့ သတင်း မရရှိသေးပါဘူး။
ဒေသခံတွေက သူတို့ရဲ့ အိမ်မွေးခွေးတွေ၊ ကြောင်လေးတွေနဲ့ မွေးမြူရေး တိရစ္ဆာန်တွေကို ဘေးကင်းရာနေရာကို အပြေးအလွှား ပို့ဆောင်ထား ကြရပါတယ်။

တောမီးအန္တရာယ် နီးကပ်လာတဲ့အတွက် လူတွေ ကြောက်အားလန့်အားနဲ့ ပြေးလွှားလှုပ်ရှားတာတွေ ရှိခဲ့ပြီး ပတ်ပတ်လည်မှာ မီးတွေက ၀ိုင်းလာနေတဲ့ အတွက် ဘယ်ပြေးရမှန်းမသိဖြစ်နေရတယ်လို့လည်း အဲဒီက ရပ်ကွက်တစ်ခုမှာ နေထိုင်သူတစ်ယောက်က ရိုက်တာကို ပြောပါတယ်။
ကွီတိုမြို့တော် မီးသတ်တပ်ဖွဲ့အကြီးအကဲ ဒေစီ ဆန်ဂါချာကတော့ ရာသီဥတုက မျက်နှာသာ မပေးဘဲ လေပြင်းတွေ တိုက်ခတ်နေတာကြောင့် မီးအားပိုကောင်းလာနေတယ်လို့ တောမီး အခြေအနေကို ပြောပြသွားပါတယ်။