အိန္ဒိယဘီလျံနာသူဌေးကြီး ဂေါတမ် အဒါနီနဲ့ အမှုဆောင်အရာရှိတချို့ကို နယူးယောက်မြို့မှာ အမေရိကန် အစိုးရ ရှေ့နေတွေက လာဘ်ပေးလာဘ်ယူမှုနဲ့ ဗုဒ္ဓဟူးနေ့မှာ စွဲချင်တင်ထားပါတယ်။ အဒါနီနဲ့ အဲဒီအမှုဆောင်အရာရှိတွေ ဟာ ဆိုလာစွမ်းအင် စီမံကိန်းကြီးတစ်ခု တည်ဆောက်ရေး အစီအစဉ်ပါဝင်တဲ့ ဒေါ်လာ ဘီလီယံများစွာတန်တဲ့ လုပ်ငန်းအတုတွေမှာ ပါဝင်ပတ်သက်ခဲ့ဖွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလို စွဲချက်တင်ခံရတာပါ။
အမေရိကန် တရားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ အဒါနီနဲ့ တခြားအမှုဆောင်အရာရှိ (၇)ယောက်ဟာ အမေရိကန် ဒေါ်လာ သန်း (၂၅၀)ကျော်ကို ဆိုလာစွမ်းအင် စာချုပ်တွေ ရရှိရေးအတွက် အိန္ဒိယအစိုးရ တာဝန်ရှိသူတွေကို ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီစွပ်စွဲချက်ထွက်ပေါ်လာတဲ့နောက် အဒါနီလုပ်ငန်းစုကြီးရဲ့ ရှယ်တန် ဖိုးတွေဟာ ၁၀ ရာခိုင် နှုန်းနဲ့ ၂၀ ရာခိုင်နှုန်းကြား ကျဆင်းသွားခဲ့ပါတယ်။
အိန္ဒိယပြည်တွင်းမှာ နိုင်ငံရေးအရ ဂယက်ထခဲ့ပြီး အတိုက်အခံ ကွန်ဂရက်စ်ပါတီက မိုဒီအစိုးရအနေနဲ့ အဒါနီ လုပ်ငန်းစုအပေါ် စုံစမ်းစစ်ဆေးမှုတွေလုပ်ရေး တောင်းဆိုမှုတွေ ပြန်လုပ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အမေရိကန် ရှယ်ယာအရောင်းအဝယ်လုပ်ငန်းတစ်ခုက အဒါနီ လုပ်ငန်းစုကို စျေးကွက်လက်ဝါးကြီးအုပ်မှု၊ လိမ်လည်မှုတွေနဲ့ စွပ်စွဲခဲ့ဖူးပါတယ်။