အိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံအနေနဲ့ စစ်ဖြစ်မဲ့အခြေအနေကိုရှောင်ရှားပြီး တင်းမာမှုတွေကို အစွမ်းကုန်ထိန်းချုပ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မေလ ၅ ရက်မှာ တိုက်တွန်းပြောကြားလိုက်တာကို CNA သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လက အိန္ဒိယဘက်ခြမ်း အငြင်းပွားဖွယ်ဖြစ်နေတဲ့ ကက်ရှ်မီးယားဒေသမှာ ခရီးသွားတွေအပေါ် လုပ်ကြံမှု အတွက် နယူးဒေလီအစိုးရက အစ္စလာမာဘတ်မြို့ကို စွပ်စွဲခဲ့ပါတယ်။ဒီကိစ္စဖြစ်သွားတဲ့အတွက် နှစ်နိုင်ငံကြား ခြိမ်းခြောက်မှုနဲ့ သံတမန်အပြန်အလှန် အရေးယူမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ပါတယ်။ဒါ့ကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က “နှစ်နိုင်ငံဆက်ဆံရေးဟာ နှစ်ပေါင်းများစွာ အတွင်း အဆိုးရွားဆုံး အခြေအနေကိုရောက်နေပြီ” လို့ နယူးယောက်က သတင်းထောက်တွေကို ပြောကြားခဲ့ပါ တယ်။

ဒါ့အပြင် ဧပြီ ၂၂ ရက်က ပါဟာဂမ်မှာ လူ ၂၆ ယောက် သေစေတဲ့ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချပြီးဒီကိစ္စနဲ့ပတ်သက်လို့ တာဝန်ရှိတဲ့သူတွေကို တရားဥပဒေနဲ့အညီအရေးယူဖို့ ပြောခဲ့ပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန် နှစ်ဖက်လုံးကတော့ နိုင်ငံတကာဖိအားတွေ ကျရောက်လာနေပေမဲ့ ကက်ရှ်မီးယားက တိုက်ခိုက်မှုကို တာဝန် မယူကြပါဘူး။အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက လိုအပ်သလို အရေးယူလုပ်ဆောင်ဖို့ အိန္ဒိယစစ်တပ်ကို တာဝန်ပေးလိုက်တာ ကြောင့် အိန္ဒိယကသာ တိုက်ခိုက်လာရင် ပြန်တိုက်ခိုက်မယ်ဆိုပြီး ပါကစ္စတန်ဘက်ကလည်း ပြောနေပါတယ်။