အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်က ကျောက်မီးသွေးတွင်းထဲမှာ မိုင်းတွင်းလုပ်သား တစ်ဒါဇင်ကျော် လောက် ပိတ်မိနေပါတယ်။ တနင်္လာနေ့က အဲဒီတွင်းထဲကို ရေတွေဝင်ခဲ့တဲ့နောက်မှာ မိုင်းတွင်းထဲက လုပ်သား တွေ ပိတ်မိနေခဲ့တာလို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောပါတယ်။
နေရာတိုင်း ခေတ်တိုင်းလိုလိုမှာ မိုင်းတွင်းလုပ်သားတွေဟာ ဒီလို အန္တရာယ်များတဲ့ လုပ်ငန်းခွင်မှာ ဝမ်းစာအတွက် ပင်ပင်ပန်းပန်း ရုန်းကန်လုပ်ကိုင်နေကြရတယ်၊ အခုထိလည်း မြင်တွေ့နေရဆဲပါ။ တွင်းပိုင်ရှင်တွေ၊ အာဏာပိုင် တွေအနေနဲ့ တွင်းလုပ်သားတွေအတွက် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးကို အထူးဂရုစိုက် ဆောင်ရွက်ပေးဖို့နဲ့ လုပ်သားထုရဲ့ ဘ၀ ပိုမိုကောင်းမွန်ပြည့်စုံဖို့ အရေးပေးဆောင်ရွက်ပေးဖို့ အများကြီး လိုအပ်နေသေးတယ်ဆိုတာကို အခုလို ဖြစ်စဉ်တွေက သက်သေပြနေပါတယ်။
ကျောက်မီးသွေးတွင်းရှိတဲ့နေရာဟာ ဝေးလံခေါင်ဖျား ဒေသဖြစ်တဲ့ ဓီမာ ဟာဆောင် ဒေသ၊ အုန်ရန်ရှူးမြို့မှာ တည်ရှိတာပါ။ တနင်္လာနေ့ မနက်ပိုင်းက အနည်းဆုံး လုပ်သား(၂၇)ယောက်ဟာ မိုင်းတွင်းထဲကို ဝင်ရောက်ခဲ့ရာမှာ ရုတ်တရက် ရေတွေ စီးကျလာပြီး တွင်းထဲရေလျှံ သွားတဲ့နောက် တချို့က တွင်းထဲကနေ ထွက်ပြေးလွတ်မြောက်ခဲ့ကြပါတယ်။ မလွတ်မြောက်ဘဲ အထဲမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ အာသံပြည်နယ်အရာရှိတွေက ကယ်ဆယ်ရေးအဖွဲ့နဲ့ စစ်တပ်ကို အကူအညီ တောင်းခံထားပါတယ်။