အာမေးနီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်နေပြီး ဇူလိုင် ၂၄ ရက်အထိ ကြာမြင့်မယ် လို့ မျှော်လင့်ထားကြောင်း အာမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်က ပြောဆိုခဲ့ပါတယ်။

Eagle Partner 2024 စစ်ရေးလေ့ကျင့်မှု အခမ်းအနား ချီတက်ပွဲ ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်တွေနဲ့ သက်ဆိုင်တဲ့ လေ့ကျင့်ခန်းတွေ အဓိကထားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မိတ်ဖက်နိုင်ငံ တွေနဲ့ အခုလို စစ်ရေးလေ့ကျင့်မှုဟာ ပုံမှန်လုပ်ရိုးလုပ်စဉ် ဖြစ်တယ်လို့လည်း အာမေးနီးယား ကာကွယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။ မကြာသေးခင်အထိ ရုရှားရဲ့ အနီးကပ်ဆုံး တောင်ကော့ကေးဆပ် မဟာမိတ်နိုင်ငံဖြစ်ခဲ့တဲ့ အာမေးနီးယားဟာ အိမ်နီးချင်း အဇာဘိုင်ဂျန်ရဲ့ရန်ကို ရုရှားက ခုခံကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ရှုမြင်ပြီး နောက် မော်စကိုနဲ့ ဆက်ဆံရေး အေးစက်လာပါတယ်။

နေတိုးနဲ့ ပူးပေါင်းတာနဲ့ အာမေးနီးယားဟာ တောင် ကော့ကေးဆပ်ဒေသကို မတည်မငြိမ်ဖြစ်စေပြီး သူ့ရဲ့လုံခြုံရေးကို ထိခိုက်စေတယ်လို့ ရုရှား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မီခေးလ်ဂါလူဇင်က ဇူလိုင် ၁၁ ရက်မှာ ပြောဆိုထားပါတယ်။ ဝါရှင်တန်က နေတိုးထိပ်သီး အစည်းအဝေးမှာ အာမေးနီးယား ပါဝင်ခဲ့တဲ့အတွက် မော်စကိုက စိတ်မချမ်းသာဘူးလို့လည်း ဂါလူဇင်က ပြောဆိုခဲ့ပါတယ်။