နိုင်ငံကနေထွက်ပြေးသွားတဲ့ ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်ရဲ့ ဒမတ်စကပ်မြို့တော်ရှိ သမ္မတ နန်းတော်ထဲကနေ တန်ဘိုးကြီး ဇိမ်ခံကားတွေထားတဲ့ ဂိုဒေါင် ဗီဒီယိုထွက်ပေါ်လာပါတယ်။

အဲဒီ ဗီဒီယိုမှာ ဒမတ် စကပ်မြို့တော် အနောက်ပိုင်း အယ်လ်မာဇက် ရပ်ကွက်က သမ္မတနန်းတော်ရဲ့ ဂိုဒေါင်တစ်ခုထဲက ဇိမ်ခံကား အစီးပေါင်း (၄၀)ကျော်ကို ရိုက်ပြထားတာ တွေ့ရပါတယ်။ အဲဒီကားတွေထဲမှာ အမေရိကန်ဒေါ်လာ သုံးသန်း လောက်တန်တဲ့ အနီရောင် ဖာရာရီ အက်ဖ် -၅၀ အမျိုးအစား ကားတစ်စီး ၊ လမ်ဘာဂီနီ ကားတစ်စီး ၊ ရိုးလ်ရွိုက်စ် တစ်စီးနဲ့ ဘန်တလေ ကား တစ်စီးတို့ကိုလည်း တွေ့မြင်ရပါတယ်။

နောက်ထပ် လူမှုကွန်ရက်ပေါ် တက်လာတဲ့ ဗီဒီယိုမှာ အဲဒီကားဂိုဒေါင်ထဲကို လူတွေ လမ်းလျှောက်ဝင်နေတာကိုတွေ့ရပြီး ဇိမ်ခံကားတွေကို လည်းတွေ့ရ ပါတယ်။ ဆီးရီးယားသူပုန်တွေရဲ့ အံ့အားသင့်ဖွယ် လျှပ်တစ်ပြက်ထိုးစစ်ဆင်မှုအပြီးမှာ အာဆတ်နဲ့ သူ့မိသားစုဟာ ဆီးရီးယားကနေ ထွက်ပြေးပြီး ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ နိုင်ငံရေး ခိုလှုံခွင့်ရရှိထားတယ်လို့ ရုရှား တာဝန်ရှိ သူတစ်ယောက်ကို ကိုးကားပြီး CNN သတင်းက ဖော်ပြပါတယ်။