အာဆတ်အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ဖျက်သိမ်းပစ်တော့မှာဖြစ်တယ်လို့ ဆီရီးယားအာဏာရအဖွဲ့က ပြောကြားလိုက်တယ်လို့ BBC သတင်းမှာ ရေးသားထားပါတယ်။ အကျဉ်းထောင်တွေကိုလည်း ပိတ်ပစ်ပြီး ဖမ်းဆီးခံရသူတွေအပေါ် ညဉ်းပန်းနှိပ်စက်သူအားလုံးကို လိုက်လံရှာဖွေပြီး အပြစ်ပေးမယ်လို့လည်း အာဆတ်ကို ဖြုတ်ချခဲ့တဲ့ သူပုန်အဖွဲ့ခေါင်းဆောင်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ ဆီးရီးယားကို ဦးဆောင်နေတဲ့ HTS သူပုန်အဖွဲ့ခေါင်းဆောင် Ahmed al-Sharaa(အာမက် အယ် ရှာရာ)က အရင်စစ်အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အပြီးတိုင်ဖျက်သိမ်းပစ်မှာဖြစ်သလို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အကျဉ်း ထောင်တွေကိုလည်း ပိတ်ပစ်မယ်လို့ ပြောကြားထားပါတယ်။ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကတော့ အာဆတ်ဦးဆောင်တဲ့ အကျဉ်းထောင်တွေမှာ လူပေါင်း ၆၀,၀၀၀ နီးပါး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

အာဆတ်ရဲ့ ၂၄ နှစ်ကြာ အုပ်ချုပ်မှု အဆုံးသတ်သွားပြီးနောက် နိုင်ငံရေး အသွင်အကူးအပြောင်းကာလမှာ တရားဥပဒေစိုးမိုးရေးနဲ့ အမျိုးသမီးအခွင့်အရေးအပါအဝင် လူတိုင်းရသင့်တဲ့ အခွင့်အရေးတွေနဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို အသေအချာကာကွယ်ဖို့နဲ့ ပွင့်လင်းမြင်သာရှိဖို့ သေသေချာချာဆောင်ရွက်ရမယ်လို့ G7 ထုတ်ပြန်ချက်မှာလည်း ပြောကြားထားပါတယ်။