မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ပြည်တွင်းလုပ် အသေခံ ဒရုန်း စမ်းသပ်မှုတစ်ခုကို ကိုယ်တိုင် ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင်မီဒီယာဖြစ်တဲ့(KCNA)က တနင်္လာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ကင်ဟာ မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံ အကယ်ဒမီကျောင်းကို သွားရောက်ခဲ့ ပြီး ဒရုန်းတွေရဲ့ ပစ်မှတ်တွေကို တိကျစွာ ချေမှုန်းနိုင်တဲ့ စွမ်းရည်ပြသမှုကို လေ့လာကြည့်ရှုခဲ့ပါတယ်။
အဲဒီလို ကြည့်ရှုစစ်ဆေးမှုပြီးတဲ့နောက်မှာ ကင်က နည်းဗျူဟာမြောက် ခြေလျင်တပ်တွေနဲ့ အထူးစစ်ဆင်ရေး တပ်ဖွဲ့တွေ မှာ အသုံးပြုဖို့ အသေခံ ဒရုန်းတွေကို အများအပြား ထုတ်လုပ်ဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းသွားခဲ့ပါတယ်။

နိုင်ငံ့စစ်တပ်ကို အဲဒီလက်နက်တွေ စောနိုင်သမျှ ခပ်စောစော တပ်ဆင်ပေးနိုင်ဖို့ ဒရုန်းတွေရဲ့ လက်တွေ့ တိုက်ပွဲ ဝင်နိုင်စွမ်းကိုလည်း စမ်းသပ်မှုတွေ ပိုလုပ်ဖို့ တိုက်တွန်းသွားတယ်လို့ (KCNA)သတင်းမှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားဟာ တာဝေးပစ် တိုက်ချင်းပစ် ဒုံးကျည်နဲ့ နျူလက်နက်အစီအစဉ်တွေမှာ တစ်ဆင့်ရှေ့တိုး တက်လှမ်းမှုတွေ လုပ်ခဲ့ပြီးနောက်ပိုင်းမှာ တာတိုပစ်ဒုံးကျည်တွေနဲ့ အမြောက်လက်နက်ကြီးတွေ ပါဝင်တဲ့ နည်းဗျူဟာမြောက် စစ်ဆင်နိုင်မှုစွမ်းရည်ကို အားဖြည့်မြှင့်တင်မှုတွေ ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။