မြေအောက်ရထားဘူတာရုံမှာ ခရီးသည် အမျိုးသမီးတစ်ယောက်ကို မီးတင်ရှို့ သတ်ဖြတ်ခဲ့သူလို့ သံသယရှိတဲ့ တရားခံကို နယူးယောက်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အဲဒီ သံသယတရားခံဟာ တနင်္ဂနွေနေ့ မနက် (၇) နာရီခွဲလောက်မှာ ရထားတွဲ တစ်ခုပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသမီးတစ်ယောက်ဆီ ချဉ်းကပ်သွားပြီး ရည်ရွယ်ချက်ရှိရှိ အဲဒီအမျိုးသမီးကို မီးတင်ရှို့ သတ်ဖြတ်ခဲ့ပါတယ်။

အဲဒီနောက် သံသယတရားခံဟာ အခင်းဖြစ်ရာ နေရာကနေ ထွက်ပြေးသွားတယ်လို့ နယူးယောက်ရဲတပ်ဖွဲ့(NYPD) က ပြောပါတယ်။ တရားခံ ရော သေဆုံးအမျိုးသမီးပါ စတီးလ်ဝဲလ် အဗန်းနျူး ဘရွတ်ကလင်း ဘူတာအထိ ရထားတွဲတစ်တွဲတည်း လိုက်ပါစီးနင်းလာခဲ့ကြတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

တရားခံဟာ အမျိုးသမီးရဲ့ အဝတ်အစားကို မီးရှို့ခဲ့ရာမှာ စက္ကန့်ပိုင်းအတွင်း တစ်ကိုယ်လုံးကို မီးစွဲလောင်သွားခဲ့ပါတယ်။ လှည့်ကင်းသွားတဲ့ ရဲတွေက ညှော်နံ့နဲ့အတူ မီးခိုးတွေကို တွေ့တဲ့နောက် အဲဒီ ရထားတွဲကို ရောက်ရှိပြီး အမျိုးသမီးတစ်ယောက် မီးစွဲလောင်နေတာကို တွေ့ရှိခဲ့ကြပြီး မီးကိုငြှိမ်းသတ်ခဲ့ကြပါတယ်။ မီးကျွမ်းသွားတဲ့ အမျိုးသမီးဟာလည်း သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။