အမေရိကန်မှာလည်ပတ်နေတဲ့ တရုတ်ပိုင် TikTok ကုမ္ပဏီခွဲကို ဇန်နဝါရီ ၁၉ ရက် မတိုင်မီ ရုပ်သိမ်းဖို့ ဒါမှမဟုတ်ရင် အမေရိကန် တရားရုံးချုပ်က ပြန်လည်သုံးသပ်ဖို့ လည်ပတ်ခွင့် ဆိုင်းငံ့ထားမယ့် ဥပဒေကို ယာယီပိတ်ပင်ပေးဖို့ Byte Dance ကုမ္ပဏီက အယူခံတင်သွင်းလိုက်ပါတယ်။

အဲဒီဥပဒေအသက်ဝင်လာရင် အမေရိကန်မှာ သုံးစွဲသူ သန်း ၁၇၀ ကျော် ရှိနေတဲ့ TikTok ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။အမေရိကန်က TikTok လုပ်ငန်းခွဲဟာ Byte Dance နဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် အလွန်အဖိုးတန်သလို TikTok ကို မှီခိုနေရတဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း ဥပဒေကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အယူခံတရားရုံးရဲ့ တရားသူ ကြီး ၃ ယောက်က Byte Dance အနေနဲ့ အမေရိကန်မှာ TikTok ကို လာမယ့်နှစ်အစောပိုင်းမှာ ရုပ်သိမ်းသွားဖို့နဲ့ ဒါမှမဟုတ်ရင် ခြောက်ပတ်အတွင်း ပိတ်ပင်ဖို့ လိုအပ်တဲ့ ဥပဒေကို ပြီးခဲ့တဲ့ သောကြာနေ့က အတည်ပြုခဲ့ပါတယ်။

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ TikTok တားမြစ်ပိတ်ပင်မှုကို တားဆီးဖို့ ကတိပြုထားတယ် လို့ ကုမ္ပဏီတွေက ပြောပါတယ်။ အယူခံကိုလက်ခံလိုက်ရင် ထရမ့်လက်ထက်မှာ ပြန်လည်ဆုံးဖြတ်ဖို့ အချိန်ယူ ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထရမ့်ဟာ ၂၀၂၀ ပြည့်နှစ် သမ္မတ ပထမသက်တမ်းအတွင်း TikTok ကို တားမြစ်ဖို့ ကြိုးစားခဲ့ပေမယ့် နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲ မတိုင်ခင်မှာ TikTok ကို လုံးဝပိတ်ပင်တာကိုတော့ ခွင့်မပြု ဘူးလို့ ပြောခဲ့ပါတယ်။

ထရမ့်ရဲ့ အမျိုးသား လုံခြုံရေးအကြံပေး ရွေးချယ်ခံ မိုက်ဝေါ့ဇ်ကလည်း TikTok ကို ကယ်တင်လိုတယ်လို့ ပြောခဲ့ပြီး အမေရိကန်တွေအနေနဲ့ အဲဒီအက်ပ်ကို သုံးခွင့်ရှိဖို့ လိုအပ်သလို အချက်အလက် တွေကိုလည်း ကာကွယ်ရမယ်လို့ ပြောပါတယ်။